“ခန္ဓာကိုယ်ကြီး နာချင်နာပါစေ။စိတ်မနာပါစေနဲ့”

❖စိတ်မနာပါစေနဲ့❖
❖တစ်ခါတုန်းက နကုလ ပိတာဆိုတဲ့ ဒကာကြီး တစ်ယောက်ရှိတယ်။ သူက မြတ်စွာဘုရားနဲ့ အလွန် ရင်းနှီးတယ်။ ဘ၀ကလည်း မြတ်စွာဘုရားနဲ့ အမျိုးတော်ခဲ့တဲ့ ဘ၀တွေကများတော့ ဘုရားကို သူ့သားလို့ သူက ယူဆတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရား အပေါ်မှာ သံယောဇဉ်ဖြစ်တယ်။ သို့ သော် အဲဒီ အချိန်မှာ သူက တရားထူး တရားမြတ်ရပြီးတဲ့ ပုဂ္ဂိုလ်ဖြစ်နေပြီ။ အနာဂါမ်အဆင့်လောက် ရောက်နေပြိ အသက်အရွယ်ကြီးလာလို့ ကျန်းမာမှုတွေ ယိုယွင်းလာတဲ့အခါမှာ ဘုရားဆီကို အရောက်နိုင်ဘူး။တစ်နေ့တော့ ရောဂါဝေဒနာသက်သာလို့ ကြိုးစားပြီးတော့ ကျောင်းရောက်လာတယ်။
❖ရောက်လာတဲ့ အခါ ဘာပြောတုန်းဆိုတော့ “တပည့်တော် ဘုရား…တဲ့ ၊အသက်အရွယ်ကလည်း ကြီးပြီ။ အရှင်ဘုရားဆီလည်း မလာနိုင်ဘူး။ခန္ဓာကိုယ်ကလည်း အမြဲတမ်း နာတာ၊ကျင်တာ၊ ကိုက်တာ၊ခဲတာတွေ ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ တပည့်တော်ကို ဆုံးမသြ၀ါဒလေးပေးပါဦး”လို့ လျှောက်တယ်။ အဲဒီအခါ မြတ်စွာဘုရားက “အေး…ဟုတ်တာပေါ့။ ခန္ဓာကိုယ်ကြီးဆိုတာ အမြဲတမ်း နာနေတာပဲ”
ဘယ်လောက် ကျန်းမာတဲ့လူ ဖြစ်ပါစေလေ။ ဣရိယာပုထ် မပြောင်းဘဲနဲ့ နေကြည့်လိုက်။ body posture တွေက ပြောင်းနေရတာ။ ထိုင်တာကြာရင် ညောင်းလာတာပဲ။ အိပ်တာ ကြာလာရင် ညောင်းလာတာပဲ။ လမ်းလျှောက်တာ ကြာလာရင်လည်း ညောင်းလာတာပဲ။ တစ်ခုနဲ့ တစ်ခု အပြောင်းအလဲလေး လုပ်သည့်အတွက်ကြောင့် ကိုယ့်ကိုယ်ကို ကျန်းမာတယ်လို့ထင်နေရတာကိုး။ အကြာကြီး ထိုင်လိုက်တာနဲ့ တပြိုင်နက် သူက သူ့ရဲ့ သဘာဝက ပေါ်လာတာပဲ။
❖အဲဒါကြောင့် မို့ မြတ်စွာဘုရားက “အေး… ရုပ်ခန္ဓာကိုယ်ကြီးဆိုတာ အမြဲတမ်း နာနေတာပါ။ မဆန်းပါဘူး။ ခန္ဓာကိုယ်ကြီးဟာ ကြက်ဥ၊ငှက်ဥလိုပဲ။အထိမခံဘူး”ဒါတော့ ဈေးဝယ်တဲ့ ပုဂ္ဂိုလ်တွေ ကြက်ဥတွေ ၀ယ်ရင်သတိထားရမှာပေါ့။ ဒီ့ပြင်ဟင်းသီးဟင်းရွက်တွေ ၀ယ်ရတာက ဘယ်နေရာ ထည့်ထည့်၊ ကြည်ဥကျတော့ ကွဲကျမှာ ကြောက်ရတာကိုး။အဲဒီတော့ ကြက်ဥ ငှက်ဥတွေဟာ မထိလိုက်နဲ့ ထိလိုက်ရင် ကွဲသွားနိုင်သလို လူ့ခန္ဓာကိုယ်ကြီးလည်း ခလုတ်မတိုက်လိုက်နဲ့ တိုက်လိုက်ရင် ပဲ့သွားမှာပဲ။ ဒါကြောင့်မို့ မြတ်စွာဘုရားက “အဏ္ဍဘူတော” ခန္ဓာကိုယ်ကြီးဆိုတာ ကြက်ဥငှက်ဥလိုပဲ တဲ့။ “ပရိယောနဒ္ဓေါ” အင်မတန်ပါးတဲ့ အရေလေးနဲ့ ဖုံးအုပ်ထားတာတဲ့။
အဲဒီတော့ လိုက်နာကျင့်သုံးရမယ့် သြ၀ါလေးတစ်ခု မြတ်စွာဘုရားက ဟောတယ်။ “ခန္ဓာကိုယ်ကြီး နာချင်နာပါစေ။စိတ်မနာပါစေနဲ့”လို့ ဒီလိုပြောတာ။ခန္ဓာကိုယ် နာတာကတော့ သဘာဝအတိုင်းပဲ။မရဘူးလို့ ဒီလိုပြောတာ။ စိတ်က မနာအောင် လုပ်လို့ရတယ်။ ဒါကြောင့် ဘုရားက “စိတ်မနာပါစေနဲ့”ဒီလိုပြောတာ။

❖ကာယိကရောဂ နှင့်စေတသိကရောဂ❖
❖ဘုရားက Physical Disease ထက် ပိုပြီးတော့ အရေးကြီးတာ Mental Disease ဖြစ်တယ်လို့ ပြောတာ။စိတ်ရောဂါလို့ဆိုတဲ့နေရာမှာ သဘာဝ စိတ်လေးဟာ ဖြူစင်နေတဲ့ အချိန်။ဆိုပါစို့…ခုနကလို “မေတ္တာ”တို့၊ “ကရုဏာ”တို့၊ “မုဒိတာ”တို့၊ “ဥပေက္ခာ” တို့ ဆိုတဲ့ ဒီကောင်းမြတ်တဲ့ အနေထား လေးတွေ ဖြစ်နေလို့ရှိရင် သူက စိတ်မှာ ရောဂါ ကင်းနေတယ်၊ကျန်းမာတယ်လို့ ပြောရမယ်။ အေး.. “လောဘ” ဖြစ်လာပြီ၊ “ဒေါသ” ဖြစ်လာပြီ၊ “မောဟ”တွေဖြစ်လာပြီ၊ “မာန်မာန” တွေ ဖြစ်လာပြီဆိုရင် စိတ်ဟာထိခိုက်လာတာပဲ။ ရောဂါဖြစ်လာတယ်လို့ ဒီလိုဆိုတာပေါ့။ အဲဒီ စိတ်ရောဂါကို မြတ်စွာဘုရားက မဖြစ်ပါစေနဲ့။ ရုပ်နဲ့ ဆိုင်ရာ ရောဂါဝေဒနာက ပျောက်အောင် မကုနိုင်ပေမယ့်လို့ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာက ပျောက်အောင်ကုနိုင်တယ်။
ဆိုပါစို့… ခုနလို့ အသိဥာဏ်တွေ ရှိပြီးတော့ စိတ်ထဲမှာ “လောဘ” ဘယ်တော့မှ မပေါ်ပေါက်အောင်၊ “ဒေါသ” တွေ ဘယ်တော့မှ မပေါ်အောင်၊ “မောဟ” တွေ ဘယ်တော့မှ မပေါ်အောင်ဆိုတဲ့ နည်းစနစ်တွေ ရှိတယ်။ အဲဒီ နည်းစနစ်တွေနဲ့ ကုလိုက်လို့ရှိရင် အမြစ်ပြတ်တယ်လို့ ခေါ်တာ။
“ကာယိကရောဂ”လို့ ဆိုတဲ့ Physical Disease က ဘယ်တော့မှ အမြစ်မပြတ်ဘူး။ခန္ဓာကိုယ် ရှိနေသေးသမျှ လာဦးမှာပဲ။ဒါကြောင့်မို့ diagnosis မှာ ရောဂါ မရှိဘူးဆိုလည်း ၀မ်းသာစရာ မဟုတ်ဘူး ၊ ရှိတယ်ဆိုလည်း ကြောက်စရာ၊ ၀မ်းနည်းစရာ မဟုတ်ဘူး။ ဘာဖြစ်လို့ တုန်းဆိုရင် အတူတူပဲ။ Physical body ရှိတဲ့ ပုဂ္ဂိုလ်တိုင်းသေမှာ၊ ရှေ့နဲ့ နောက် ဒါပဲ ကွာတာပဲလေ။အဲတော့ စိတ်နဲ့ ပတ်သက် လာတဲ့အခါကိတော့ သူက ပိုကြောက်စရာ ကောင်းတယ်။ လောကလူတွေက မြင်ရတဲ့ဟာသာ ပိုကြောက်တာ။ မမြင်ရတာကို သိပ်မကြောက်ဘူး။ မျက်ကန်း တစ္ဆေမကြောက်ဘူး ဆိုတာ အဲဒါနဲ့တူ တယ်။
စိတ်ရောဂါနဲ့ ပတ်သက်ပြီးတော့ မကြောက်ကြဘူး။ အခု ဒီမှာ ခေတ်အခြေအနေအရ mental disease လို့ သတ်မှတ်တဲ့ ရောဂါမျိုးဟာ သာမန်လူတွေနဲ့ မတူတဲ့ ရောဂါမျိုးဖြစ်မှ လူတွေက စိတ်ရောဂါလို့ သတ်မှတ်တယ်။ မြတ်စွာဘုရားက အဲဒါကို စိတ်ရောဂါလို့ အဲဒီအဆင့်ထက် ပိုပြီးတော့ လေးနက်တာကို စိတ်ရောဂါလို့ သတ်မှတ်တယ်။ စိတ်ရောဂါဆိုတာ ခုနက “လောဘ” ဖြစ်မယ်၊ “ဒေါသ” ဖြစ်မယ်၊“မောဟ” ဖြစ်မယ်၊ “မာန်မာန” ဖြစ်မယ်၊အဲဒါ စိတ်ရောဂါတစ်ခုပဲ။ အဲဒီ စိတ်ရောဂါကျ တော့ သာမန်ဆေးကျွေးရုံနဲ့ ဒီရောဂါဟာ မပျောက်နိုင်ဘူး။ အခု သာမန်စိတ်ရောဂါ ဆိုတာတွေ ကျတော့ ဆေးကျွေးတာတို့၊ treatment တွေနဲ့ပျောက်တယ်။ သက်သာတယ်။ ပျောက်ကင်းတယ် လို့ ဒီလိုရှိတယ်ပေါ့နော်။

❖ရောဂါကုထုံး
မြတ်စွာဘုရားသတ်မှတ်ထားတဲ့ “စေတသိက ရောဂ” ဆိုတာတော့ ရဟန္တာ ဖြစ်မှ ပျောက်တယ်။ အဲဒါ ပျောက်တဲ့နည်းလမ်း ရှိသလားလို့ ဆိုတော့ရှိတယ်။ မြတ်စွာဘုရားက ဆေးရုံဆေး ခန်း သွားပြီးတော့၊ “ဂိလာန သာလာ” တွေသွားပြီးတော့ ရဟန်းတွေကို အဲဒီရောဂါပျောက်ဖို့ရာအတွက် ဘာကိုဟောလေ့ရှိတုန်းဆိုတော့ “သဘော ဘိက္ခဝေ ၀ိဟရေယျ သမ္ပဇာနော်” ဆိုလိုတာကတော့ “ချစ်သားရဟန်းတို့၊ သတိတရားကြီးစွာ ထားပြီးတော့ ဆင်ခြင်တုံတရားနဲ့နေကြ” လို့ ဒီလိုပြောတာ။
သူ့ကို ကုစားရမယ့် ဆေးတွေက အပြင်ဘက်ကဆေး မဟုတ်ဘူး။ စိတ်ကို စိတ်နဲ့ပဲ ပြန်ကုစားတာ။ ဆိုလိုတာကတော့ ကိုယ့်သန္တာန်မှာ စိတ်အစဉ်ထဲမှာ အကောင်းရှိသလို ၊အဆိုးတွေလည်းရှိတယ်။ အဆိုးက ပိုများတယ်။ စိတ်ထဲမှာ စိတ်ရဲ့ အညစ်အကြေးတွေ ဆိုတာရှိတယ်။အဲဒီ စိတ်အညစ်အကြေးတွေကို စိတ်ထဲမှာ ဖြူစင်တဲ့ အပိုင်းဆိုတာလည်း ရှိတယ်။ အဲဒီဖြူစင်တဲ့ အပိုင်းကို ကြီးထွားလာအောင် လုပ်ပြီးတော့ ညစ်နွမ်းတဲ့ အပိုင်းတွေကို ထုတ်ပစ်တဲ့နည်း စနစ်ပဲ။
ဆရာတော်အရှင်နန္ဒမာလာဘိဝံသ
#AshinNandamalabhivamsa
www.drnandamalabhivamsa.com.mm
“ဘေသဇ္ဇဂုရု”အကြောင်း တရားဒေသနာတော်။"

Comments

Popular Posts

"ကျွန်းကြီးလေးကျွန်း"

"မြင်းမိုရ်"

သေခြင်းကောင်းသော ဘ၀၊ လားရာကောင်းသော ဂတိ

"သီတဂူဆရာတော် ဘုန်းကြီးတယ်"ဆိုတာ