“အရှိထဲ အသိသွင်းပါ”
ပြင်းထန်တဲ့ သံဝေဂဉာဏ်
~~~~~~~~~~~~~~
“အရှိထဲ အသိသွင်းပါ”
လူဝတ်ကြောင်တွေမှာ မလုပ်မဖြစ် လုပ်ကိုလုပ်ရမယ့် လုပ်ငန်းကိစ္စတွေ ရှိတယ်။ စားဝတ်နေရေး အတွက် ငွေရှာရမယ်။ သားသမီးဝတ်၊ မိဘဝတ်၊ လင်ဝတ်၊ မယားဝတ် တွေကျေပွန်အောင် ဆောင်ရွက်ရမယ်။ မိမိ မွေးဖွားကြီးပြင်း နေထိုင်ရာ မြို့ရွာ နိုင်ငံအကျိုးအတွက် ပါဝင်ကူရမယ်။ ဒါဟာ လူပီသလိုတဲ့ လူသားတစ် ယောက် မပျက်မကွက် ထမ်းဆောင်ရတဲ့ အရာတွေဖြစ်တယ်။
“ဃရာဝါသော ဗဟုကိစ္စော- ကိစ္စများမြှောင် လူတို့ဘောင်” လို့ ဆိုတယ်မလား။
အဲဒီလို မြောက်များစွာလှတဲ့ လောကဝတ်တရားဆောင်ရွက်ရင်း အပိုထုတ်ကုန်တွေအဖြစ် လောဘ၊ ဒေါသ၊ မေဟာ အပူ တွေပါ ပူးတွဲခံစားရတယ်။ သတ္တဝါတွေက သုခကိုသာ ခံစားလိုကြပါတယ်။ သုခနဲ့အတူ ကပ်ပါလာတတ်တဲ့ ဒုက္ခဆိုတာကိုတော့ လက်မခံချင်ကြပါဘူး။
ဘယ်ရလိမ့်မလဲနော်။ ဘဝဆိုတာကြီးကိုက အသားနည်းပြီး အရိုးများတဲ့ အမဲရိုးလိုပါပဲ။ သုခက နည်း ပြီး ဒုက္ခက များနေတာ ဘဝပါ။ မသိလို့သာ သုခအဖြစ် ထင်နေကြရတာ။
အပူတွေကို ခွာတော့ခွာချင်ပါတယ်။ ဒါပေမယ့် လောကဝတ်တရားတွေကလည်း ရှိနေတော့ ခွာဖို့ ခက်နေတယ်လို့ တချို့ ငြီးတွားကြပါတယ်။ လူဟာ လူတောထဲမှာ နေသေးရင်တော့ လူမှုတာဝန်တွေ ထမ်းကို ထမ်းရပါမယ်။ လူတောထဲနေပြီး လူမှုဝတ္တရား မထမ်းရင် အဲဒါ လူပီသတဲ့လူလို့ မဆိုနိုင်တော့ပါဘူး။
မြတ်စွာဘုရားရှင်က လူ့လောကဇာတ်စုံ အဖုံဖုံကို သိနားလည်လေတော့ လူဝတ်ကြောင် တွေလည်း အပူခွာနိုင်တဲ့ သတိပဋ္ဌာန် တရားကို ထုတ်ဖော်ပေးခဲ့ပါတယ်။
များလှတဲ့ ဗဟုကိစ္စောထဲမှာ သတိကို ပေါင်းထည့်တဲ့ အပူခွာနည်းကို ပြခဲ့ပါတယ်။ ဒါကို တရားအား ထုတ်တယ်လို့ ခေါ်တာပဲပေါ့။ အဲဒီလိုမှ ပေါင်းမထည့်နိုင်ရင် တရားအားထုတ်ချိန်တောင် ရှိမှာ မဟုတ်တော့ ပါဘူး။ “အလုပ်တွေက များတယ်၊ တရားအားမထုတ် နိုင်သေးပါဘူး” လို့ ဖြစ်ကုန်ကြပါတယ်။
အမှန်ကတော့ တကယ်အားထုတ်ချင်စိတ် မရှိသေးတာရယ်၊ အားမထုတ်တတ်တာရယ်ကြောင့် အားမ ထုတ်ဖြစ်တာပါ။
ဗုဒ္ဓဘာသာတွေက နိဗ္ဗာန်ကိုတော့ တွင်တွင် ဆုတောင်းကြတယ်။ နိဗ္ဗာန်ဆိုတာကလည်း တောင်းလို့ ရရိုးထုံးစံက မရှိပြန်ဘူး။ လုပ်မှရမယ့် တကယ့် အဂတိကင်းတဲ့ တရားမျိုးဖြစ်တယ်။
လူတွေကို ကြည့်ပြီး (ကိုယ်အပါအဝင်ပေါ့လေ)မတောင်းကောင်းတဲ့ဆု၊ လူကြားရင် ထဆဲချင်လောက် တဲ့ဆုကို တစ်ခါတလေ တောင်းချင်နေမိတယ်။
ဘယ်လိုဆုတောင်းလဲဆိုတော့ “အသိဉာဏ်ရှိသော သတ္တဝါတွေ ဒုက္ခရောက်ပါစေ” ဆိုတဲ့ ဆုပေါ့။
ဟာ..ဒီဘုန်းကြီး ပေါက်ပေါက်ရှာရှာတွေ ပြောနေပြီလို့ ထင်မှာပဲနော်။
ပေါက်ပေါက်ရှာရှာ ပြောတာမဟုတ်ပါဘူး။ သတ္တဝါတွေက မောဟနဲ့ မေ့လျော့ပြီး တဏှာတောမှာ မျော နေကြပါတယ်။ ဘဝအပူဆိုတာကို သိပ်ဂရုမထား မိကြပါဘူး။ အပူဆိုတာကို အပူအဟပ်ခံရမှ သိမယ်မဟုတ် ပါလား။ ပူမှန်းသိမှ အပူကလွတ်ချင်ပြီး ဘုရားကယ်ပါ တရားကယ်ပါ ဖြစ်လာမှာ။ ဒုက္ခတွေ့မှ ဘုရားတတတ် ကြတာကိုး။ သတိ တရားရစေချင်လို့ ဒီဆု တောင်းချင် တာပါ။ (တကယ်မတောင်းဘူးနော်)
ပြီးတော့ အသိဉာဏ်ရှိသော သတ္တဝါတွေလို စကားခံထားပါတယ်။ အသိဉာဏ်မရှိတဲ့ သတ္တဝါတွေက တော့ ဒုက္ခနဲ့တွေ့ရင် ပိုပြီးပျာယာခတ်တတ်လို့ သူတို့ကိုတော့ ကင်းလွင်ခွင့်ပေးထားပါတယ်။
အသိဉာဏ်ရှိတဲ့ ပဋာစာရီ၊ ကိသာဂေါတမီ တို့က ဒုက္ခနဲ့ အပြင်းအထန်တွေ့ပြီး မဂ္ဂင်လမ်း ပေါ်တက် သွားကြတယ်။ ရှင်သာရိပုတ္တာ၊ ရှင်မောဂ္ဂလာန်တို့ ကျပြန်တော့လည်း အငြိမ့်ပွဲကြည့်ပြီး သံဝေဂရလို့ မဂ္ဂင်လမ်း ပေါ် ရောက်သွားတယ်။
ဘယ်သူပဲ ဖြစ်ဖြစ်ပါလေ၊ မြတ်စွာဘုရားပင်ဖြစ်ပါစေ တဏှာကိုအပြစ်မြင်၊ ဘဝကိုမချစ်ခင် တဲ့ သံဝေဂ ဉာဏ်ရမှ တရားဆိုတာကို ရှာဖွေကြပါတယ်။
ဦးဇင်းတို့တွေလည်း သံဝေဂဉာဏ် အပြင်းအထန်ကို လိုပါတယ်။ ဒါမှ တဏှာရဲ့ အပြစ်ကိုမြစ်ပြီး ဘဝကို မလိုချင်တော့မှာ။ နိဗ္ဗာန်ကို လိုချင်လာမှာပါ။
နိဗ္ဗာန်ကို အမှန်လိုချင်လာပြီဆိုရင်တော့ တကယ်ရအောင် အားထုတ်တော့မှာပေါ့။ အဲဒီကျရင် မအား ဘူးဆိုတဲ့ အချိန်တွေလည်း အားလာပါတယ်။
သာမန် ထမင်းစားရေသောက် ပေါ့ပျက်ပျက် သံဝေဂလောက်နဲကတော့ မဂ္ဂင်လမ်းပေါ်တက်ဖို့ မပြောနဲ့ မဂ္ဂင်လမ်းဘေးတောင် ကပ်လျောက်မှာမဟုတ်ဘူး။ ဆင်ခြေလေးတွေနဲ့ ပတ်ပြေးနေတတ်တယ်။
ကိုယ့်ရှိတဲ့ တဏှာလေး လျော့သွားမှာတောင် ကြောက်နေကြသေးတာကိုး။ “အဲ…နိဗ္ဗာန်ရရပါလို၏” ဆို တာကိုတော့ ပါးစပ်ကမချပြန်ဘူး။
ပုံပြင်လေးတစ်ပုဒ်ကြားဖူးတယ်။ တရုတ်ပုံပြင်လို့ဆိုရဲ့။ မူရင်းပုံပြင်ကို တိုက်ရိုက်မဖတ်ဖူးပါ။ တဆင့် ခံသာကြားဖူးလို့ ပြောတတ်သလိုလေး ပြန်ပြောကြည့်မယ်။
လူတစ်ယောက်ခရီးထွက်တော့ ရွာပျက်ကြီးတစ်ခုနား ရောက်လာတယ်။ ရွာပျက်ကြီးဆိုတော့ မြက် တောတွေဟာ ထူပြောနေတယ်။ ခရီးသည်ဟာ မြက်တောထဲတိုးရင်းတိုးရင်းနဲ့ ရေတွင်းပျက်တစ်ခုထဲကို ဝုန်း ကနဲ ပြုတ်ကျသွားတယ်။ ရေတွင်းထဲကျပြီဆိုတာနဲ့ ဆွဲမိဆွဲရာကို လှမ်းဆွဲလိုက်တာ ရေတွင်းနံရံမှာကပ်ပေါက် နေတဲ့ အပင်လေးတစ်ပင်ကို ဆွဲမိလိုက်တယ်။ ခရီးသည်ဟာ ရေတွင်းပျက်ထဲမှာ တို့လို့တွဲလောင်းကြီး ဖြစ် လို့ပေါ့။
အပေါ်ကိုပြန်တက်ဖို့ အတော်အခက်အခဲ ဖြစ်နေတယ်။ အောက်ကို ငုံ့ကြည့်လိုက်တော့လည်း ရေတွင်း က အနက်ကြီး။ လူမရှိတဲ့ ရွာပျက်ကြီးဖြစ်လို့ ကူရာကယ်ရာမဲ့ အခြေအနေဖြစ်နေတဲ့အတွက် ခရီးသည်ကြီးဟာ အလွန်ကြောက်လန့်နေတယ်။
ဒုက္ခတွေ့မှ ဘုရားတဆိုသလို သူလည်း မိုးနတ်မင်းကြီး ကယ်ပါ လို့ ‘တ’ လိုက်တယ်။သူ ‘တ’ လိုက် တယ် ဆိုရင်ပဲ အပေါ်က အသံတစ်ခု ထွက်ပေါ်လာတယ်။
“ဘယ်သူလဲကွဲ့ ငါ့ကို ‘တ’ နေတာ”
မိုးနတ်မင်းကြီးအသံပါလား။
‘မင်းတောင့်တလွန်းလို့ ငါကိုယ်ထင်ပြရတာကွဲ့’ ဆိုတာမျိုး အကောင်လိုက်ကြီး ပေါ်လာတာတော့ မဟုတ်ပါဘူး။ အသံပဲကြားရတာပါ။
“ကျွန်တော် ခရီးသွားပါခင်ဗျ၊ စီးပွားရှာရအောင် ခရီးထွက်လာရင်း ဒီရေတွင်းပျက်ထဲ ပြုတ်ကျတာပါ၊ ကံကောင်းလို့ ရေတွင်းဘေးနံရံမှာပေါက်နေတဲ့ အပင်လေးကို ဆွဲထားမိတာပါခင်ဗျာ“
သူဆွဲထားတာတဲ့ ရေတွင်းနံရံက အပင်ကလည်း တစ်ဖြည်းဖြည်းနဲ့ အမြစ်က ကျွတ်ထွက်လာနေပြီ။
“ မိုးနတ်မင်းရယ်၊ ကျွန်တော့ကို ကယ်ပါခင်ဗျာ၊ ကျွန်တော် ပြုတ်ကျပြီး သေရပါလိမ့်မယ်”
ခရီးသည်က မိုးနတ်ကြီးဆီမှာ အသနားခံလိုက်တယ်။
“မင်းကို ကယ်ရမယ်ဆိုရင် ငါ့စကားနားထောင်မယ်လို့ ကတိပေးမလား၊ မင်းကတိပေးရင် ကယ် မယ်ကွာ” လို့ မိုးနတ် မင်းကြီးက ပြန်ပြောတယ်။
“နားထောင်ပါ့မယ်ဗျာ နားထောင်ပါ့မယ်“ လို့ ခရီးသည်ကြီးက ပျာပျာသလဲ ပြန်ဖြေရှာတယ်။ အေးပေါ့ သူ့အတွက် သေဘေးက သိပ်နီးနေတာကို။
“ကောင်းပြီ မင်းအခု အပေါ်ပြန်တက်ဖို့ မလွယ်တဲ့အတွက် ရေတွင်းထဲ တို့လို့တွဲလောင်းကြီးနဲ့မို့ ဒုက္ခရောက် နေတယ်။ ပြုတ်မကျအောင် ဆွဲထားမိတဲ့ အပင်ကလည်း မခိုင်မာတဲ့ အပင်လေးဖြစ်နေတယ်။ ဒီအပင် လေးသာ ကျွတ်ထွက်သွားရင် မင်းအတွက် မတွေးဝံ့စရာပဲ။ ဒီတော့ကား ဒုက္ခက တကယ်လွတ်ချင်ရင် တစ်ခု ပဲရှိတယ်၊ အပင်ကို ဆွဲထားတဲ့ မင်းလက်ကို လွှတ်လိုက်ပါ“
“ ဗျာ”
သူ့ခမျာ ဒီအပင်လေး ကယ်ထားလို့သာ ပြုတ်မကျဘဲ ခုလောက်ထိ အသက်ရှင်နေနိုင်တာ၊ ဒါလေးကို လွှတ်ဖို့ဆိုတာက ဘယ်ဖြစ်နိုင်မလဲ။
“မိုးနတ်မင်းရယ် ဒါလေးကိုတော့ မလွှတ်ပါရစေနဲ့“ လို့ ပြောတော့ မိုးနတ်မင်းကြီးက…
“အင်း…မင်းက ကတိကိုလွယ်လွယ်ပေး လွယ်လွယ်ဖျက်တတ်တဲ့ ကောင်ပဲ၊ ပြောတော့ ငါ့စကား နားထောင်ပါ့မယ်တဲ့၊ ငါက လက်ကိုလွှတ်လည်းဆိုရော မလွှတ်ဘူး၊ အေးကွာ..ဒါဆို ငါလည်း မင်းကို မကယ်နိုင် တော့ဘူး“ လို့ ပြန်ပြောလိုက်သတဲ့။
ဒီပုံပြင်လေးကို ခံစားကြည့်မိတယ်။
ဦးဇင်းတို့ဟာ လမ်းညွှန်မြေပုံမပါဘဲ သွားနေတဲ့ သံသရာ ခရီးသွားတွေပါ။ မိမိအကျိုးစီးပွားရှိမယ်၊ ချမ်း သာမယ်လို့ထင်ပြီး ခရီးတွေထွက်လာလိုက်တာ မရပ်မနားပါဘဲ။ လမ်းကောင်းပေါ်တက်မိလိုက်၊ လမ်းဆိုး ပေါ်ရောက်လိုက်၊ ရေတွင်းပျက်ထဲလည်း ပြုတ်ကျလိုက်နဲ့ပေါ့။
သက်သောင့် သက်သာနဲ့ လမ်းကောင်းပေါ်လျောက်မိပြီး မိမိအလိုတိုင်း ဖြစ်နေချိန်မှာတော့ ဒုက္ခကို မမြင်မိကြဘူး။ ရှေ့မှာ ရေတွင်းပျက်တွေနဲ့ ကြုံနိုင်တယ်လို့ ထည့်မတွက်မိကြဘူး။ ဒီတော့ ဘုရားမေ့ တရားမေ့ နဲ့ အဝိဇ္ဇာမောဟာ တဏှာလောဘနဲ့ ပျော်မွေ့နေကြတယ်။
လမ်းညွှန်မြေပုံမပါဘဲ ခရီး သွားရင် ကျိန်းသေ ရေတွင်းပျက်ထဲ ကျနိုင်တယ်။
“ကဲဗျာ…သားသေ၊ သမီးဆုံး၊ ရောဂါထူ၊ စီးပွားပျက် စတဲ့ ဗျသနတရား နဲ့ကြုံလာပြီဆိုမှ ရေတွင်း ပျက်ထဲတော့ ကျပဟ” ဘုရားကယ်ပါလို့ တ ကြတော့တယ်။ နိဗ္ဗာန်လိုချင်ပါ၏ လို့ ဖြစ်လာတော့တယ်။
ဘုရားက မဟာကရုဏာရှင်ဖြစ်လေတော့ သတ္တဝါတွေကို ကယ်မဖို့ ပွင့်လာတာပါပဲ။
ဒီတော့ ဘုရားက သစ္စာလေးပါး တရားကို ဟောပြတယ်။
ဒုက္ခဆိုတာက ရောဂါထူ၊ စီးပွားပျက်မှ ဒုက္ခမဟုတ်ဘူး၊ ခန္ဓာရနေတာကိုက ဒုက္ခဖြစ်တယ်။ သားသေ သမီးဆုံး ရောဂါရ၊ စီးပွားပျက်ဆိုတာတွေက ခန္ဓာရထားလို့ကြုံရတဲ့ နောက်ဆက်တွဲ ဒုက္ခတွေဖြစ်တယ်။ ခန္ဓာရ ထားတာကိုက ရေတွင်းပျက်ထဲ တွဲလောင်းကျနေတဲ့ အနေထားပဲဖြစ်တယ်။( ဒုက္ခသစ္စာ)
ရေတွင်းပျက်ထဲကလူဟာ ဆွဲမိရာဆွဲရာ ဆွဲသလိုပဲ ဦးဇင်းတို့တွေဟာလည်း အားကိုးရတယ်ထင်ပြီး သားသမီး၊ စည်းစိမ်ဥစ္စာ စတဲ့ အဆင်း ၊ အသံ၊ အနံ့၊ အရသာ ၊ အတွေ့အထိ ကာမဂုဏ်တွေကို တဏှာ မာန ဒိဋ္ဌိ နဲ့ ဆွဲထားကြတယ်။ ဒုက္ခရောက်နေတာဟာ မခိုင်မြဲတဲ့ ရေတွင်းနံရံဘေးက သားသမီး စည်းစိမ်အာရုံ ကာမ ဂုဏ်အပင်တွေကို ဆွဲထားတဲ့ တဏှာကြောင့် ဖြစ်တယ်။ ( သမုဒယသစ္စာ)
တဏှာဆိုတဲ့လက်ကို လွှတ်လိုက်မှ မဂ္ဂင်က ရေတွင်း ဘောင်ပေါ်ကို ဆွဲတင်ပေးနိုင်မယ်။( မဂ္ဂသစ္စာ)
ရေတွင်းဘောင်ပေါ်ရောက်မှ ဒုက္ခကလွတ်ကာ အန္တရာယ်ကင်းဘေးရှင်းတဲ့ အနေအထားမျိုးရရှိမယ်။( နိရောဓသစ္စာ)
ဦးဇင်းတို့က နိဗ္ဗာန်ရရပါလို၏လို့ ဘုရားရှင်ထံ ဆုတောင်းတော့ ဘုရားက ‘ဆွဲထားတာလေးတွေကို လွှတ်လိုက်ကွာ’ လဲဆိုရော ‘ဟင့်အင်း’ လို့ ငြင်းပြန်ရော။
သြော်..တယ်လည်း ခက်တဲ့ ပုထုဇဉ်တွေပဲနော်။
“အရှင်ဘုရားရယ်..ဒီလောက် အလုပ်ရှုပ်တွေထဲ သတိထားဖို့ဆိုတာ ပြောတာကသာ လွယ်တာ၊ တကယ် အားထုတ်ဖို့ကျတော့ ဘယ်လွယ်လိမ့်မလဲ” လို့ ဆင်ခြေတက်ကြပါတယ်။ ဒီစကားတွေဟာ တဏှာရဲ့ လှုံ့ဆော်မှုကြောင့် ထွက်ပေါ်လာတဲ့ အသံဆိုတာ ကာယကံရှင် မရိပ်မိရှာဘူး။
မြတ်စွာဘုရားရှင်က မဖြစ်နိုင်တာကို မဟောခဲ့ပါဘူး။
တရားအားထုတ်ရင် အလုပ်တွေကိုရပ်ထားရမယ်၊ သားမယား စည်းစိမ်တွေကိုစွန့်ရမယ်လို့ လူတိုင်းကို မဟောပါဘူး။ ချက်ချင်း စွန့်နိုင်ကြမှာမဟုတ်မှန်း ဘုရားရှင် သိတာပေါ့။ လူတွေ လိုက်နာနိုင်မယ့် အနေအထားကိုသာ ဘုရားဟောပါတယ်။ ဒါကြောင့်လွယ်ခြင်း ခက်ခြင်း ဆိုတာကို အားထုတ်ကြည့်ပြီးမှ ဆုံးဖြတ်ကြပါ။
ဓမ္မကို လောကထဲမှာ ဆွဲယူမကျင့်သုံးနိုင်ရင် အပူအရှုပ်တွေထဲ လူရုပ်တောင် ပေါက်ဖို့ မလွယ်ဘူးဆို တာကို နှလုံးသွင်းစေချင်ပါတယ်။
ယောဆရာတော် ဘုရားကြီး ဆုံးမတာလေး နာကြည့်ပါ။
“လောကကို ဦးဆောင်တာက အဝိဇ္ဇာနဲ့တဏှာ၊ ဓမ္မကိုဦးဆောင်တာက သတိနဲ့ပညာပါ။ လောကကို အဝိဇ္ဇာနဲ့တဏှာက ဦးဆောင်တာဆိုတော့ လောကဆိုတာ အသိမကူ အရှုပ်ထူပြီး အပူပေါလှပါတယ်။
အသိမကူသလောက် ရှုပ်ထွေးတယ်၊ ရှုပ်သလောက်လည်း ပူတယ်၊ တရားမကူရင် အပူနဲ့ချည်းနေရတာပဲ၊
မရှိတော့လည်း ဆင်းရဲတယ်ဗျာ၊ ရှိတော့လည်း တယ်ဒုက္ခရောက်ပါလား ညည်းတွား ရလောက်အောင် ပူလောင်ပါတယ်။ မရှိတော့လည်းမသက်သာ၊ ရှိပြန်တော့လည်း မသက်သာလှပါ။
တရားမပါရင် တစ်နေ့ထမင်းနှစ်ထပ် မှန်မှန်ကျွေးပြီး သေရမယ့်ရက်ကို ထိုင်စောင့်နေရတာနဲ့ တစ်ဘဝ ကုန်သွားမှာ၊ အဲဒီ တစ်ဘဝဟာလည်း တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း မရှိပါဘူး။
“ ဒီနေ့တော့ အေးပြီဟဲ့၊ ဒီနေ့တော့ ပြီးပြီဟဲ့လို့” ဘာမှမပြနိုင်။ ဘာရယ်လို့မှ မယ်မယ်ရရ မပြနိုင်ဘဲ တစ်ဘဝကုန်သွားကြတာ။ ဒါကြောင့် လောကကို အလျားလိုက်ကူးနေရင် ပူလို့လျှပ်လို့ မဆုံးနိုင်အောင် တမျောတည်းမျော၊ တမြုပ်တည်းမြုပ်နေတော့မှာဖြစ်လို့ လောကဖြတ်လမ်းဖြစ်တဲ့ ဓမ္မဆိုတာ လောကထဲ ပေါ်လာရတာ။
တရားမပါဘဲ လူ့အရှိဟာ မပြည့်ဝမစုံလင်နိုင်ပါဘူး။ ပင်လယ်ရေဟာ ရေရှိသလောက် ဆားပါဝင် တာဖြစ်လို့ ငန်လွန်းတဲ့အတွက်ကြောင့် သောက်သုံးရအဆင်မပြေသလို လူ့အရှိတွေဟာလည်း ရှိသလောက် အပူပါဝင်တာဖြစ်လို့ မချမ်းသာနိုင်ပါဘူး။ အရှိထဲ အသိသွင်းပေးနိုင်သလောက်သာ ချမ်းသာခွင့်ရနိုင် မှာပါ။ တရားကျေးဇူးပြုခံရရင် လူဟာ အံ့သြချီးကျူးထိုက်လောက်အောင် တကယ့်စွမ်းအားပိုင်ရှင် ဖြစ်သွားရပါတယ်။”
ယောဆရာတော်ဘုရားကြီးရဲ့ ‘အရှိထဲမှာ အသိမသွင်းနိုင်ရင် အပူတောမှာ မျောမယ်’ ဆိုတာ တကယ့် လက်တွေ့အဖြစ်ပျက်တွေကို ကြည့်ပြီး ဆုံးမထားတာဖြစ်တယ်။
အမေရိကန် စိတ်သိပ္ပံပညာရှင်ကြီးတွေက “ဒီနေ့ လူတွေထဲမှာ ၁၀% လောက်ပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာတယ်လို့ ပြောနိုင်မယ်။ အဲဒီ ၁၀% ရာခိုင်နှုန်းထဲမှာလည်း စာမတတ်သူတွေ၊ ကျေးရွာနေ တောသူ တောင်သားတွေ၊ လက်လုပ်လက်စားတွေ လို အနိမ့်အလွှာကလူတွေ ပါဝင်ကြတယ်” လို့ ဆိုပါတယ်။
ရုပ်ဝတ္ထုပစ္စည်းတွေ အံ့သြဖွယ်ကောင်းလိုက်အောင် တိုးတက်နေတယ်ဆိုတာ လောဘရဲ့ ပြယုဂ်ပါ။ ရုပ်ဝတ္ထုတိုးတက်ဖို့က လောဘလိုပါတယ်။ လိုချင်လေ ရှာဖွေလေ တွေ့ရှိလေနဲ့ နည်းပညာတွေ အံ့မခန်း တိုး တက်လာတာပေါ့။
ရုပ်ဝတ္ထုပစ္စည်းတွေဟာ လောကအတွက် အလွန်အသုံးဝင်ပါတယ်။ အဲဒါတွေ ရရှိဖို့ ရင်းနှီးရတဲ့ ဒုက္ခက လည်း အတော်ကြီးတယ်။ ပစ်ပယ်လို့ မရသေးတဲ့အတွက်လည်း ရှာရမှာပဲ။ အဲဒီလို ရှာဖွေတဲ့ နေရာမှာ ယောဆရာတော် ဆုံးမသလို ‘အရှိထဲ အသိသွင်း’ ပြီး ရှာမှ အပူသက်သာမှာဖြစ်တယ်။ အသိမသွင်းဘဲ ရှာဖွေ နေရင်တော့ တစ်နေ့ ထမင်းနှစ်နပ် မှန်မှန်ကျွေးပြီး သေမဲ့ရက်ကို အပူတွေနဲ့ ထိုင်စောင့်နေရတဲ့ဘဝမျိုးပဲ ဖြစ်နေမှာပေါ့။
အရှင်ပညာသီရိ(ရမ္မာကျွန်း)
{ 9 . 3. 2019 - စောင့်ကြည့် ဂျာနယ် }
ထပ်ဆင့်ဒါနပြုပူဇော်ပါသည်။

Comments
Post a Comment