အထင်ကြီးခံရဖို့လုပ်တာဆိုရင်တော့...
အထင်ကြီးခံရဖို့လုပ်တာဆိုရင်တော့...
~~~~~~~~~~~~~~~~~~~~
လွန်ခဲ့တဲ့လေးငါးရက်ခန့်က တပည့်လေးတစ်ယောက်
ရောက်လာပြီးတော့သူ့ဘ၀ထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုနဲ့
ပတ်သက်ပြီး သူခံစားရတာ သိရတာကိုပြောပြတယ်။
သူကလည်း တရားဝါသနာပါသူဖြစ်တယ်။ တတ်နိုင်
သလောက်သွားရင်း လာရင်းလုပ်ရင်း ကိုင်ရင်း
ပြောရင်း ဆိုရင်း သူ့စိတ်ထဲ ဖြစ်ပေါ်နေတာကို
သတိထားလေ့ရှိတယ်သူက ငါးပါးသီလကိုလည်း
အတတ်နိုင်ဆုံး ထိန်းသိမ်တယ်။ ရိုးသားတယ်။
ကူညီတတ်တယ်။ ပေးကမ်း လှူဒါန်းတတ်တယ်။
.
ဒါပေမယ့်သူ့စိတ်ထားတစ်ခုက သူအဲဒီလိုသီလနဲ့
နေတယ်။ မဟုတ်တာ မမှန်တာ မလုပ်ဘူးဆိုတာ
ကိုတော့ သူများသိအောင်သူက အမြဲတမ်းကြိုးစား
လေ့ရှိတယ်။ ကိစ္စတစ်စုံတစ်ခုလုပ်တဲ့အခါမှာ
သူများက မမှန်ကန်တာ၊ မရိုးသားတာတွေ
လိုက်လုပ်တယ်။ သူကမှန်မှန်ကန်ကန် ရိုးရိုး
သားသားလိုက်လုပ်တယ်ဆိုရင် သူမှန်မှန်ကန်ကန်
လုပ်တာကို သူများသိအောင် သူကြိုးစားလေ့ရှိတယ်။
သူများမသိသေးလို့ရှိရင် သူနေလို့ကိုမရဘူး။
မနေနိုင်ဘူး။
.
အခုနောက်ပိုင်း လေးငါးလလောက်အတွင်းမှာ
သူတရားကို တော်တော်လေး ကြိုးစားပြီးတော့
အားထုတ်တော့ သူ့စိတ်ထားတွေ ပြောင်းလာ
ပြီးတော့ ဘယ်လို ဖြစ်လာသလဲဆိုတော့
သူ့ဘာသာသူ ကောင်းတာလုပ်တာကို သူများသိဖို့ မလိုတော့ဘူးဆိုတဲ့စိတ်ဖြစ်လာတယ်။
သူကပြောတယ် အဲဒီလိုစိတ်မျိုးဖြစ်လာတော့
နေရထိုင်ရတာ ပိုပြီးတော့ အေးချမ်းလာတယ်။
လွတ်လပ်လာတယ်။ အရင်တုန်းက ကောင်းတာ
တစ်ခုခု လုပ်ပြီးရင် ဒါကိုသူများ သိအောင်
ပြောရဦးမယ်။ သိသိသာသာဖြစ်ဖြစ် မသိမသာ
ဖြစ်ဖြစ် သူလိုက်ပြောချင်တယ်။ မပြောရသေးရင်
နေမထိထိုင်မသာ ဖြစ်နေတယ်။ အခုတော့
လုပ်သင့်လုပ်ထိုက်တာကို သူလုပ်တယ်။
သူများသိတာ မသိတာ အရေးမကြီးတော့ဘူး။
.
ကိုယ်ကကောင်းတာတစ်ခုခုကိုလုပ်ပြီးတော့
လူသိခံချင်တာကိုက ဒုက္ခကြီးတစ်ခုပါ။
ဒါလည်းလောဘတစ်မျိုးပဲနော်။ မာနလို့လည်း
ဆိုနိုင်တယ်။ ကိုယ့်ဂုဏ်ကိုပေါ်လွင် စေချင်တယ်။
သူများသိစေချင်တယ်။ သူများတွေငါ့လို
မလုပ်နိုင်ဘူး။ ငါသူများထက်သာတယ်ဆိုတဲ့
မာနပါတယ်။ အခုတော့ ကိုယ်ကောင်းတာ
လုပ်တာမလုပ်တာ သူများသိသည်ဖြစ်စေ၊
မသိသည်ဖြစ်စေ အရေးမကြီးဘူးဆိုတော့
လွတ်လပ်သွားတယ်။ အေးချမ်းသွားတယ်။
သူများမသိမှာစိုးနေရင် မအေးချမ်းဘူး။
လိုက်ပြောပြန်ရင်လည်း ကြွားတယ်လို့
အပြောခံရမှာစိုးရတယ်။
.
ကိုယ်ကကောင်းတာလုပ်တာဟာ ကိုယ့်ကို
သူများအထင် ကြီးစေချင်လို့လုပ်တာလား။
ဒါကိုသေသေချာချာ မေးရမယ်။ သူများအထင်
ကြီးခံရဖို့လုပ်တာဆိုရင်တော့ လုပ်နေရင်းကို
စိတ်ဆင်းရဲနေရမှာပဲ။ ကောင်းတာကိုလုပ်
နေရင်းနဲ့ကိုပဲ စိတ်ဆင်းရဲနေရဦးမယ်။
လွတ်လပ်တဲ့စိတ်နဲ့ ရိုးသားတဲ့စေတနာနဲ့
ကောင်းတာကိုလုပ်နိုင်မှ စိတ်ချမ်းသာမယ်။
စိတ်ဓါတ်နဲ့အသိဉာဏ် ရင့်ကျက်မှုအတွက်
အထောက်အပံ့ ဖြစ်မယ်။ ဂုဏ်ကိုလိုချင်လို့
လုပ်ရင်တော့ စိတ်ဓါတ်နဲ့ အသိဉာဏ်
ရင့်ကျက်မှုကိုမရနိုင်ဘူး။ ဒါကြောင့်ကုသိုလ်
ကောင်းမှုလုပ်နေတုန်းမှာလည်း ကိုယ့်စိတ်
ထားနဲ့မျှော်လင့်ချက်ကို သိနေအောင်
ကြည့်တတ်တဲ့ အလေ့အကျင့်လုပ်သင့်တယ်။
တရားအားထုတ်တဲ့သူဟာ ဒါကိုလေးလေး
နက်နက်သတိထားသင့်တယ်။ ငါလုပ်တဲ့
အလုပ်ဟာ လွတ်လပ်တဲ့စိတ် နဲ့လုပ်တာလား။
အနှောင်အဖွဲ့ခံနေရတဲ့ စိတ်နဲ့လုပ်တာလား။
.
#ဆရာတော်ဦးဇောတိက ( ဘ၀ဆိုတဲ့ကျောင်း )

Comments
Post a Comment