ငါစိတ်ချမ်းသာဖို့ သူလည်း…
ငါစိတ်ချမ်းသာဖို့ သူလည်း…
~~~~~~~~~~~~~~~~
တည်ငြိမ်အေးချမ်းတဲ့စိတ်ဟာလည်း လူ့အရည်အချင်း တစ်ခုပဲ။ ဒါဟာ လူတိုင်းမှာ မျိုးစေ့အနေနဲ့ ရှိပြီးသားပါ။
လေ့ကျင့်ပြုစု ပျိုးထောင်ပေးဖို့ပဲ လိုတာ။ မရှိသေးတာကို ရှိအောင်လုပ်တာ မဟုတ်ဘူး။ ရှိပြီးသားကို
အားကောင်းလာအောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးဖို့ပဲ လိုတာပါ။
.
လူတစ်ယောက်ဟာ သတိ, သမာဓိကောင်းအောင် ကြိုးစားပြီးနေသွားမယ် ဆိုပါတော့…။ သမာဓိကောင်းရင် စိတ်က အတိတ်, အနာဂတ်ကိုတွေးတာ အလွန်နည်းသွားပြီးတော့ စိတ်က ကြည်လင်အေးချမ်းနေတယ်။ သတိကောင်းနေရင် နိုးကြားပြီးတော့ အရာရာတိုင်းကိုပါ သိလာတယ်။ ကိုယ့်ရဲ့အရည်အသွေးတွေ တက်လာပြီနော်။ သမာဓိက တည်ငြိမ်မှုကို ဖြစ်စေတယ်။ သတိက သိမှုကို ဖြစ်စေတယ်။ ဒီနှစ်ခုက တွဲနေတယ်။ သတိကောင်းရင် သမာဓိကောင်းတယ်, သမာဓိကောင်းရင် သတိကောင်းတယ်။ သတိ, သမာဓိကောင်းလို့ ဥာဏ်ပညာကြီးလာတဲ့သူဟာ ပိုပြီးတော့ သိနိုင်တယ်။ မြင်နိုင်တယ်, ခံစားနိုင်တယ်။ ကိုယ့်စိတ်ထဲမှာဖြစ်နေတာ ပြန်ကြည့်ရင်လည်း ပိုပြီးတော့ မြင်နိုင်တယ်။ ပိုပြီးတော့ သိနိုင်တယ်။ ပိုပြီးတော့ ခံစားလို့လည်း ရနိုင်ပါတယ်။
.
ကိုယ့်အကြောင်းကို ပိုသိလေလေ သူတစ်ပါးကိုလည်း ကိုယ်ချင်းစာနိုင်လေလေ ဖြစ်လာတယ်။ ကိုယ်တိုင်
မေတ္တာ ဘယ်လောက်ငတ်သလဲဆိုတာသိရင် သူတစ်ပါး မေတ္တာ ဘယ်လောက်ငတ်သလဲဆိုတာ သိတယ်။
အဲဒီတော့ မေတ္တာတွေ ပေးချင်တယ်။ စိတ်က နူးညံ့သိမ်မွေ့မှု ပိုကောင်းလာတဲ့အတွက်ကြောင့် သူတစ်ပါး
ထိခိုက်သွားမှာကို မလုပ်ချင်ဘူး။ ကိုယ့်ခန္ဓာမှာ, ကိုယ့်စိတ်မှာ ဖြစ်ပေါ်နေတဲ့ သဘာဝတရားတွေကို
ရှုမှတ်ရင်းကနေ တဖြည်းဖြည်း ပိုသိလာတဲ့အခါ တစ်ခါတလေ သူများခန္ဓာမှာ, စိတ်မှာဖြစ်နေတာကို မှန်းကြည့်ရင် တော်တော်များများ သိလာတယ်။ နီးနီးစပ်စပ် သိလာတယ်။
.
အဲဒီတော့ သူများဒုက္ခရောက်နေတာကို မြင်တဲ့အခါမှာ တစ်ခါတလေ ကိုယ့်စိတ်နဲ့ သူ့ကို ယှဉ်ကြည့်တဲ့အခါမှာကိုယ် ဒုက္ခရောက်နေသလို ခံစားရပါတယ်။ ရာနှုန်းပြည့်တော့ မသိပါဘူး။ ဒါပေမယ့် တော်တော်များများအတိုင်းအတာအထိ သူများစိတ်ထဲမှာ ဘယ်လိုခံစားရတယ်ဆိုတာကို သိလာနိုင်တယ်။ ဒါကြောင့် ငါ,သူတစ်ပါးဆိုတဲ့ ခွဲခြားမှု တဖြည်းဖြည်း နည်းသွားတယ်။ ငါမှ ငါဆိုတဲ့ အတ္တစွဲ နည်းသွားတယ်။ "သူ နဲ့ ငါ…"ဆိုတာ ဆက်စပ်မှု ပိုရှိလာတယ်။ တကယ်တော့ အားလုံးဟာ ဆက်စပ်နေတာပါ။
လူတစ်ယောက်စိတ်ဆင်းရဲရင် တခြားသူတစ်ယောက်လည်း စိတ်ဆင်းရဲမှု ဖြစ်သွားတာပဲ။ ကိုယ်စိတ်ချမ်းသာရင် တခြားသူလည်း စိတ်ချမ်းသာသွားတာပဲ။ ဒီလို သတိ, သမာဓိကောင်းလာတဲ့သူဟာ ငါတစ်ယောက်တည်း စိတ်ချမ်းသာအောင်နေမယ်လို့ စိတ်မထားတော့ဘူး။ ငါစိတ်ချမ်းသာဖို့ဟာ သူတစ်ပါးလည်းစိတ်ချမ်းသာမှ ဖြစ်မယ်ဆိုတာ သဘောပေါက်လာတယ်။
.
တကယ် သတိထားကြည့်ရင်လည်း လက်တွေ့မှာ အဲဒီအတိုင်း ဖြစ်နေတာကို တွေ့ရတယ်။ မိသားစုတစ်စုထဲမှာ တစ်ယောက်ယောက် စိတ်ဆင်းရဲနေတာရှိရင် အားလုံးပဲ အနည်းနဲ့အများတော့ စိတ်ဆင်းရဲသွားတာပဲ။ ဒါပေမယ့် မာနကြီးကြီး, ဒေါသကြီးကြီးနဲ့ တင်းထားပြီးတော့ တစ်ဖက်သားစိတ်ထဲမှာ ကသိကအောက်ဖြစ်သွားအောင် တမင်လုပ်မိတာတွေရှိတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို မသိကြလို့ပါ။ ကိုယ့်ကိုယ်ကို သိရင် သူတစ်ပါးကို နိုင်ထားရတာ အင်မတန် ပင်ပန်းဆင်းရဲပါလားဆိုတာ ခံစားလို့ရတယ်။ လောကရဲ့သဘာဝအတိုင်း တစ်ခါတလေ ကိုယ်တိုင်လည်း အနိုင်ခံရတာ ရှိမှာပါပဲ။ ဒါတွေကို ခံစားရတဲ့အခါမှာ ဘယ်လောက် ခံရခက်သလဲဆိုတာ သေသေချာချာ သိအောင်လုပ်ပါ။ ဒီလို သိလာတဲ့အတွက်ကြောင့် သူများခံစားရတဲ့အခါမှာ ကိုယ်ခံစားရသလိုပဲ ကိုယ်ချင်းစာလို့ရတယ်။ ဒါကြောင့် မလုပ်သင့်တာတွေ မလုပ်မိတော့ဘူး။
.
#ဆရာတော်ဦးဇောတိက
( ဘဝဆိုတဲ့ကျောင်း - အောင်မြင်သောဘ၀ )
Comments
Post a Comment