သူတပါးကို တန်ဖိုးချလိုက်ရင်...
သူတပါးကို တန်ဖိုးချလိုက်ရင်...
“If I devalue you, I devalue myself.”
~~~~~~~~~~~~~~~~~~~~~~~~~~
ဘုန်းကြီး ခဏခဏ ပြောဖူးတာရှိတယ်။ ကိုယ့်နားမှာ ရှိတဲ့ ခွေးတောင်ကြောက်သွားအောင် လန့်သွားအောင် မလုပ်သင့်ဘူး။ အမှန်ပြောရရင် ခွေးဆိုရင်လည်း ခွေးဣနြေ္ဒနဲ့ နေစေချင်တယ်။ တည်တည်ငြိမ်ငြိမ် ခံ့ခံ့ ညားညားနဲ့ စားချိန်တန်စား အိပ်ချိန်တန် ကောင်းကောင်းမွန်မွန် အိပ်၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေ၊ သူ့တာဝန်ဖြစ်တဲ့ လူစိမ်းလာရင် အသိပေး ဆိုတာတွေ လုပ်ပြီး အေးအေးဆေးဆေး နေစေချင်တယ်။ ဒါ့အပြင် ခွေးဟာ သခင်ကို မေတ္တာအများကြီး ပေးပါတယ်။ ကိုယ်လည်း သူ့မေတ္တာ ရနေတာပါပဲ။ မေတ္တာ အပြန်အလှန် ဖြစ်နေမှ ကောင်းတယ်။
.
အားလုံးပဲ ( လူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ် ) သူ့တည်ကြည်ခံ့ညားမှုနဲ့ သူ ရှိစေချင်တယ်။ ကလေးလေးကအစ၊ ဘယ်လောက်ငယ်တဲ့ ကလေးလေး ပဲဖြစ်ဖြစ် သူ့မှာ သူ့တည်ကြည်မှုနဲ့သူ ရှိပါတယ်။ အဲဒီတော့ သူ့ကို မလေးမစား အနိုင်ယူတဲ့သဘောမျိုး၊ အနိုင်ကျင့်တဲ့သဘောထား အပြော အဆို၊ အမူအရာမျိုး မလုပ်သင့်ဘူး။
.
ကလေးငယ်ငယ်လေးတစ်ယောက်ကို ငယ်ငယ်ကတည်းက လေးလေးစားစား ဆက်ဆံကြည့်ပါ။ အဲဒီလို ဆက်ဆံတာကို ခံရတဲ့ ကလေးဟာ တစ်ချိန်မှာ သူ့ကို မလေးမစား သွားလုပ်ကြည့်... သူ မခံတော့ဘူး။ သူ့ကို လေးလေး စားစား ဆက်ဆံတာပဲ သူ ကြိုက်တော့တယ်။ အကယ်၍ သူ့ကို ငယ်ငယ် ကတည်းက အနိုင်ယူ၊ ဖိနှိပ်ချုပ်ချယ်ထားရင်တော့ သူ့ကိုယ်သူ လေးစားမှု မရှိတော့ဘူး။ အဲဒီတော့ သူ့ကို တစ်ယောက်ယောက် မလေးမစားလုပ်တော့
မှဘဲဆိုပြီး အမြဲတမ်း ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ ရှိပြီးတော့ ညှိုးငယ် နေတယ်၊ မျက်နှာလေး ကျို့ကျို့ယို့ယို့လေးနဲ့ နေတယ်။ တစ်ယောက်ယောက် မလေးမစား လာလုပ်ရင်လည်း ခံလိုက်တာပဲ။ မပြောရဲ၊ မဆိုရဲ၊ မလုပ်ရဲ၊ မကိုင်ရဲ ဖြစ်နေတယ်။ အဲဒီလို ကလေးဟာ ကြီးလာတဲ့အခါမှာ အများအကျိုး ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ လူကြီးတစ်ယောက် ဖြစ်လာနိုင် ပါ့မလား၊ မဖြစ်နိုင်တော့ဘူး။
.
အများအကျိုးကို တကယ်ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ လူဆိုတာ သူ့ကိုယ်သူ လေးစားမှုရှိရမယ်။ တည်ကြည်ဖြောင့်မတ်မှု ရှိရမယ်။ အများ ကိုလည်း လေးစားမှု ရှိရမယ်။ အဲဒီလိုလူသာလျှင် အများအကျိုးကို တကယ် ဆောင်ရွက်နိုင်တဲ့သူဖြစ်တယ်။
.
နောက်တစ်ချက်... အင်မတန်နက်နဲသိမ်မွေ့တဲ့အချက်က သူတစ်ပါးကို မလေးမစား ဆက်ဆံလိုက်ရပြီဆိုရင် အဲဒီလို ဆက်ဆံ တုန်းမှာ ကိုယ့်စိတ်ကို ပြန်ကြည့်လိုက်စမ်းပါ။ အင်မတန် အခံရ ခက်တယ်၊ ကိုယ့်ကိုယ်ကို အထင် သေးသွားတယ်၊ ကိုယ့်ကိုယ်ကို လေးစားမှုလည်း လျော့သွားတယ်ဆိုတာ တွေ့ရလိမ့်မယ်။
.
ဒါကြောင့် -
“If I devalue you, I devalue myself.”
သူတစ်ပါးကို တန်ဖိုးချလိုက်ရင် ကိုယ့်ကိုယ်ကိုပါ တန်ဖိုးချရာရောက်တယ်။ သူတစ်ပါးကို မလေးမစား ဆက်ဆံပြီဆိုရင် ကိုယ့်ကိုယ်ကို လေးစားလို့ မရတော့ဘူး။
.
အဲဒီလို သိဖို့ဆိုတာ ကိုယ့်စိတ်ကို သိနိုင်တဲ့ နူးညံ့သိမ်မွေ့မှု ရှိတဲ့သူ၊ သတိ သမာဓိ ဉာဏ်ပညာရှိတဲ့သူမှသာ သိနိုင်ပါတယ်။ သတိ သမာဓိ ဉာဏ်ပညာ မရှိတဲ့လူတွေကတော့ ဒေါသနဲ့ ဆက်ဆံမယ်၊ မာနနဲ့ ဆက်ဆံမယ်၊ ဣသာမစ္ဆရိယနဲ့ ဆက်ဆံမယ်၊ လောဘနဲ့ဆက်ဆံမယ်၊ အဲဒီလို လောဘ၊ ဒေါသ၊ မာန၊
ဣသာမစ္ဆရိယ အားကြီးနေလို့ ကိုယ့်ကိုယ်ကို ထိခိုက်နေတာ တောင်မှ မသိတော့ဘူး။
.
ဒါကြောင့် လောကကြီးကို တကယ် ကောင်းစေချင်တယ်ဆိုရင် သတိနဲ့ နေတဲ့ အလေ့အကျင့် လုပ်ပါ။ သတိနဲ့ နေလာရင် ကိုယ့်ကိုယ်ကို အများကြီး သိလာလိမ့်မယ်။ ကိုယ့်စိတ်ကို အများကြီး သိလာမှသာ သူတစ်ပါးစိတ်ထဲ ဘယ်လို ခံစားနေရသလဲဆိုတာ နဲနဲတော့ သိလာပါလိမ့်မယ်။ အဲဒီလို လူမှသာ ကိုယ့်အကျိုးရော၊ အများအကျိုးပါ မထိခိုက်အောင် လုပ်နိုင်တယ်။
ဒါ့အပြင် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီး မားမား ဖြစ်ပေါ်လာ အောင် အကျိုးကို ဆောင်ရွက်နိုင်တယ်။ ဒါကြောင့် အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့ လိုတယ်။
#ဆရာတော်ဦးဇောတိက
( ဘ၀ဆိုတဲ့ကျောင်း - အောင်မြင်သောဘ၀ )

Comments
Post a Comment