" ပါရမီဖြစ်အောင် စီးပွားရှာမယ်"

" ပါရမီဖြစ်အောင် စီးပွားရှာမယ်"
" စီးပွားရှာတဲ့အခါ ဘယ်တော့မှ မသေတဲ့လူလိုသဘောထားပြီး စီးပွားရှာရမယ်၊တရားရှာတဲ့အခါ ထွက်သက်ဝင်သက် တစ်ရှုတစ်ရှိုက် အတွင်းမှာ ချက်ချင်းသေသွား နိုင်တဲ့လူလို သဘောထားပြီးရှာရမယ် " လို့ အဆုံးမလေးတစ်ခု ကြားဖူးတယ်။
စီးပွားရှာတဲ့ အခါ ဘယ်တော့မှမသေတဲ့လူလို စီးပွားရှာရမယ်ဆိုတဲ့ အမြင်ကို
အချို့ဗုဒ္ဓဘာသာဝင်တွေ ငြင်းစရာရှိနိုင်ပါတယ်။ ဗုဒ္ဓအဆုံးမနဲ့
လွဲချော်နေတယ်လို့ မြင်ကောင်းမြင်နိုင်ပါတယ်။ တရားစာပေဖတ်ရှု၊ တရားနာ၊
တရားအားထုတ်နေပါတယ် ဆိုတဲ့လူတွေ ပိုသဘောတူချင်မှတူမှာဖြစ် တယ်။
အများအားဖြင့် တရားဆိုတဲ့ စကားသံကို ကြားတာနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါပဲလေ ဆိုတာနဲ့ တွဲမြင် လိုက်လို့ဖြစ်ပါတယ်။
" မြတ်စွာဘုရားရှင်က တစ်လောကလုံးကို လမ်းခင်းပေးဖို့ မကြိုးစားခဲ့ဘူး၊ မိမိဖိနပ်ကိုသာ မိမိလုံ အောင်စီ်းဖို့ မှာခဲ့တယ်" ဆိုတဲ့ ရာဟုလာသံကစ္စည်းရဲ့ စကားလေးကို အငှားယူသုံးချင်ပါတယ်။
ဘုရားရှင်ပွင့်တော် မူလာခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ သစ္စာလေးပါးဟောပြော ပြသဖို့ဖြစ်ပေ မယ့် လူတိုင်း သစ္စာတရားကို သိနိုင်ကြတာမဟုတ်ဘူးဆိုတာကိုလည်း မြတ်စွာဘုရားရှင်သိတော်မူပါတယ်။ လူတိုင်းနိဗ္ဗာန်မရောက်နိုင်သေးပါဘူး။
ဒါကြောင့် မြတ်စွာဘုရားရှင်ဟာ လောကီချမ်းသာအကျိုးစီးပွားကို မပစ်ပယ်ခဲ့ပါဘူး။ လောကီကြီးပွား ကြောင်းတွေ ဟောခဲ့ပါတယ်။
အရင်းရှင်ဝါဒကို တိုက်ဖျက်ဖို့ ကြိုးစားခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင် ကတောင် နောက်ဆုံး တော့ " ချမ်းသာတာဟာ ဂုဏ်ယူစရာလို့ "ပြောခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့လက်သုံးစကားက အရာရာဟာဒုက္ခသစ္စာပဲ၊ ဘယ်ရာမှအနှစ်သာရရှိတာမှမဟုတ် တာ၊ အားလုံးပျက်စီးပျောက်ကွယ်သွားကြမှာပဲ၊စီးပွားဥစ္စာ ရာထူးဂုဏ်သိန်တွေဆိုတာ သေရင်ထားခဲ့ရမှာတွေ အနိစ္စတရားတွေပါ လို့တွင်တွင်ပြောတတ်ကြတယ်။
သူတို့ ပြောတာမမှားပါဘူး။လာကကြီးဟာ အချည်းနှီးဆိုတဲ့ ဘုရားဟောစကားဟာ အမှန်ပါပဲ။
ဒါဟာ လောကုတ္တရာအမြင်၊ လောကုတ္တရာအတွေး၊ သစ္စာအမြင်၊ သစ္စာအတွေးဖြစ်ပါတယ်။ ဒီအတွေးကို လောကီထဲမှာသတ်မှတ်ပြီးပြောလို့မဖြစ်ပါဘူး။ လောကီထဲမှာ ယှဉ်တွဲပြောရင် ဟိုမရောက်ဒီမ ရောက် ပလီချောက်ချက်တွေ ဖြစ်သွား တတ်ပါတယ်။
ဒီလို ဟိုမရောက်ဒီမရောက် အတွေးခေါ်တွေကြောင့် ဗုဒ္ဓဝါဒဟာ အဆိုးမြင်ဝါဒ၊ လူညွန့်တုံးစေတဲ့ဝါဒ၊ ချမ်းသာမှုကို အားမပေးတဲ့ ဝါဒ စသည်ဖြင့် တံဆိပ်အမျိုးမျိုး ကပ်ခံလိုက်ရပါတော့တယ်။
တံဆိပ်ကပ်တဲ့အထဲမှာ ဗုဒ္ဓဘာသာဝင်လူငယ်လေးတွေပါနေတာကို ဝမ်းနည်းဖွယ် တွေ့လိုက်ရပါတယ်။ " မြတ်စွာဘုရားရှင်က အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ မမြဲ၊ ဆင်းရဲ၊ အချည်းနှီးလို့ ဟောထားတော့ လူတွေက ကြီးပွားချင် တဲ့စိတ် အားနည်းလာတာပေါ့ " တဲ့။ ဗုဒ္ဓဘာသာနိုင်ငံတွေက ဆင်းရဲပြီး တခြားနိုင်ငံတွေက ချမ်းသာကြတာ ဗုဒ္ဓတရားတော်ကြောင့် လို့စွပ်စွဲကြပါတယ်။
သူတို့ပြောတာက အမှတ်တမဲ့ကြည့်ရင် ဟုတ်သလိုလိုပါပဲ။ သေချာဆန်းစစ်ကြည့်ရင်တော့ မဟုတ်ပါ ဘူး။
ကြီးပွားချင်စိတ်အားနည်းတာဟာ မြတ်စွာဘုရားတရားတော်ကြောင့်လား၊ မြတ်စွာဘုရားတရားတော် တွေကို တလွဲအဓိပ္ပါယ်ဖော်ပြီး မိမိရဲ့ပျင်းရိစိတ်၊ ပျော့ညံ့စိတ်ကို အကာကွယ်ယူလိုက်တာလားဆိုတာ ဆန်းစစ် ကြည့်ရပါမယ်။
ဘုရားရှင်က သိင်္ဂါလဝါဒသတို့သားကို လောကီကြီးပွားကြောင်းတွေဟောခဲ့တယ်။ စီးပွားပျက်စီး ကြောင်းတွေကိုလည်း ဟောခဲ့တယ်။
ချမ်းသာကြောင်း လေးပါးရှိတယ်။
(၁) ဥဋ္ဌာန်သမ္ပဒါ - တက်တက်ကြွကြွ စီးပွားရှာ၊
(၂) အာရက္ခသမ္ပဒါ - ရရှိပစ္စည်းကို ကောင်းစွာထိန်းသိမ်း၊
(၃) ကလျာဏမိတ္တတာ - မိတ်ဆွေကောင်းထား၊
(၄) သမဇီဝိကတာ - ဝင်ငွေနဲ့ထွက်ငွေမျှအောင် ချွေတာသုံးစွဲ
လို့ လမ်းညွှန်ထားပါတယ်။
ဒါကိုပဲကြည့်ပါ။ တခြားနိုင်ငံတွေက ဗုဒ္ဓတရားတော်ကို ဘာမှန်းမသိရင်နေရမယ် သူတို့လုပ်ဆောင်ချက် ဗုဒ္ဓတရားတော်နဲ့ ည်ီနေပါတယ်။ သူတို့က ဝီရိယကောင်းကောင်း တက်တက်ကြွကြွနဲ့ စီးပွားရှိကြတာကိုး။
ဝီရိယ အားကောင်းတိုင်းကောအောင်မြင်ပြီလား။ မအောင်မြင်ပါဘူး။ ဝီရိယကို ထောက်ပံ့ပေးရတဲ့ အချက်တွေ ပြည့်စုံရပါသေးတယ်။ ဒက္ခ ဆိုတဲ့ လုပ်ငန်းလည်ကျွမ်း ကျင်ရမယ် ၊ အနလသ - မဆုတ်မနစ်ဘဲဇွဲကောင်းကောင်းနဲ့လုပ်ရမယ်၊ ဥပါယ ဝီမံသ - နည်းပညာလည်း မှန် ကန်ရပါတယ်။ ဒါမှ အားထုတ်တဲ့ဝီရိယက အောင်မြင်မှုကို ဆောင်းကြဉ်းနိုင်မှာဖြစ်တယ်။
အလုပ်တစ်ခုအောင်မြင်ဖို့ဆိုရင် အချက်လေးချက်ပြည့်စုံရပါတယ်။
(၁) ပြတ်သားသောရည်ရွယ်ချက်ရှိခြင်း၊
(၂)ဇွဲလုံ့လရှိခြင်း၊
(၃)စိတ်ဓာတ်ခိုင်မာခြင်း၊
(၄)အသိဉာဏ်ပြည့်စုံခြင်း တို့ဖြစ်တယ်။ ဒါကိုပဲ တန်ခိုးဣဒ္ဓိပါဒ်လို့ ပြောတာဖြစ်တယ်။
ဒီအချက်တွေလည်း တခြားဖွံ့ဖြိုးတဲ့နိုင်ငံမှာ ပြည့်စုံနေပါတယ်။ မိမိတို့ဆီမှာက ဝီရိယကောင်းရင်တောင် အတတ်ပညာက ချို့တဲ့နေတဲ့အတွက် ဝီရိယအကျိုးကို အပြည့်အဝမခံစားရပါဘူး။ လယ်တစ်ကွက်ထွန်ဖို့ တစ်နေ ကုန်နွားနဲ့ ရုံးနေရချိန်မှာ တခြားနိုင်ငံတွေမှာက စက်အားအစွမ်းနဲ့ နာရီပိုင်းနဲ့တင် ပြီးပြတ်နေပါပြီ်။
ဒီလိုအချက်တွေ ပြည့်စုံအောင်မကြိုးစားဘဲ ဗုဒ္ဓတရားကြောင့် ဆင်းရဲရပါတယ်လို့ စွပ်စွဲတာဟာ သင့် တော်ပါ့မလား။
တခြားနိုင်ငံတွေမှာက စီးပွားရှာချိန်မှာ တက်တက်ကြွကြွလုပ်၊ အနားယူချိန်မှ အပြည့်အဝအနားယူ စသဖြင့် စည်းကမ်းနဲ့ ပြုမူကြပါတယ်။ မိမိတို့ဆီမှာက အဲဒီလို လိုက်နာလုပ်ဆောင်ကြပါရဲ့လား။
အဲဒီလို လိုက်နာသင့်တဲ့ အချက်တွေကို လိုက်နာပြီး ရှောင်သင့်တာတွေလည်း ရှောင်ဖို့ မြတ်စွာဘု ရားဟောထားပါတယ်။
စာရိတ္တပျက်စီ်းကြောင်း၊ စီးပွားပျက်ကြောင်းတွေ ကိုလည်း ရှောင်ဖို့ မြတ်စွာဘုရားရှင်ဟောထားပါ တယ်။
ဥစ္စာကုန်ကြောင်းအဖြစ် -
(၁) နေ့စဉ်သောက်စားမူးရစ်ပျော်ပါးခြင်း ( သုရာဓုတ္တ )
(၂)လောင်းကစားပြုခြင်း ( အက္ခဓုတ္တ )
(၃)မိန်းမရှုပ်ခြင်း ( ဣတ္ထိဓုတ္တ ) တို့ ဖြစ်တယ်လို့လည်း ဟောပါတယ်။
အမျိုးသမီးတွေဆိုရင်လည်း -
(၁) အာဟာရလောလ - စားသောက်မှု၌ အတိုင်းအရှည်မသိ တွေ့ရာစားခြင်း၊
(၂) အလင်္ကာရလောလ - ဝတ်စားဆင်ယဉ်မှု၌ အချင့်အချိန်မရှိ ဝတ်ဆင်ခြင်း၊
(၃) ပုရိသလောလ - တစ်ပါးသောယောက်ျား၌ တပ်မက်သာယာခြင်း၊
(၄) ဓနလောလ - စီးပွားဥစ္စာကို ပစ္စလက္ခတ် လုပ်ခြင်း၊
(၅) ပါဒလောလ - လမ်းသလားခြင်း တွေဟာလည်း မိန်းကလေးတွေအတွက် ဆင်းရဲပျက်စီးကြောင်းတွေပဲဖြစ်တယ်။
မြတ်စွာဘုရားရှင်က တရားသဖြင့် စီးပွားရရှိခြင်းဟာ ဒုလ္လဘတရားတစ်ခု အဖြစ်တောင် ဟောထားပါ သေးတယ်။
ဗုဒ္ဓဘာသာဝင်တွေ မရှာအပ်တဲ့နည်းကတော့ (၁) လူကိုရောင်းခြင်း( လူမှောင်ခို) ၊ (၂) အဆိပ်ကို ရောင်းခြင်း ၊ (၃) ယစ်မျိုးရောင်းခြင်း( အရက်၊ မူးရစ်ဆေးဝါးအမျိုးမျိုး ) ၊ (၄) သတ္တဝါတို့ကို သတ်ရောင်းခြင်း ၊ (၅) သတ္တဝါအချင်းချင်းသတ်ဖြတ်ဖို့လက်နက်ရောင်းခြင်း တွေကိုတော့ မြတ်စွာဘုရားရှင်တားမြစ်တော် မူပါတယ်။
တရားသဖြင့် ရှာဖွေလို့ ရရှိလာတဲ့အခါ လူဝတ်ကြောင်တွေအတွက် ချမ်းသာခြင်း လေးမျိုးကို ထပ်ဟော ထားပါတယ်။
(၁) အတ္ထိသုခ - တရားသဖြင့် ရှာဖွေရရှိတဲ့အတွက် နောင်ရေးမပူရလို့ ချမ်းသာပါတယ်။
(၂) ဘောဂသုခ - ဆွေးမျိုးသားမယားတို့ကို ကြည့်ရှုထောက်ပံ့ရတဲ့အတွက်လည်း ချမ်းသာပါတယ်။
(၃) အနဏျသုခ - ကြွေးမီကင်းရှင်းလို့လဲ ချမ်းသာပါတယ်။
(၄) အနဝဇ္ဇသုခ - အပြစ်ကင်းစွာရှိရှိတဲ့စီးပွားဖြစ်လို့ သီလလုံတဲ့အတွက်လည်း ချမ်းသာပါတယ်။
အနာပိတ်သူဋ္ဌေးကြီဆိုရင် အရိယာသောတာပန်ကြီးဖြစ်တယ်။စီးပွားရေးလည်း တရားဖြင့်ရအောင်ရှာ တယ်။ ရှာဖွေရတဲ့ရည်ရွယ်ချက်က မြတ်စွာဘုရားသာသနာမှာလှုဒါန်းမှုပြုနိုင်ဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ ဖြစ်တယ်။
ဘုရားတရားတော်ကြောင့် ကြီးပွားလိုစိတ် နည်းပြီး ဆင်းရဲရတယ်ဆိုတာ ဟုတ်ပါ့မလား။
စဉ်းစာကြည့်ကြပါ။ မိမိတို့လက်ထဲမှာ ငွေမရှိရင် ဘဝကိုလူတန်းစေ့အောင် ဘယ်လိုရပ်တည်မလဲ။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ချင်ပါတယ် ဆိုတာ ပါးစပ်ကအော်ပြီးစောင့်ရှောက်လို့ရတာ မဟုတ် ပါဘူး။ အလုပ်ကိုကြိုးစားလုပ်၊ ငွေရှာ၊ ငွေရလာမှ မိမိတို့သာသနာကို ထောက်ပံ့ခြင်း၊ မိမိဒေသကို တိုးတက် အောင်လုပ်ခြင်းတွေ ပြုနိုင်မှာဖြစ်တယ်။
ယုတ်စွအဆုံး တရားစခန်းဝင်ချင်ပါတယ်ဆိုရင်တောင် ငွေမရှိရင် ဝင်ရဖို့အခက်ဖြစ်နေပြီ်။ မိမိတစ် ယောက်စာ ဝင်ခွင့်ရတယ်ထားအုံး၊ အိမ်မှာကျန်ခဲ့တဲ့ မိသားစုအတွက် ဘယ်သူကတာဝန်ယူကျွေးမွေးထားမှာလဲ ၊ ငွေမရှိရင် တရားတောင်ဖြောင့်အောင် အားထုတ်နိုင်မှာမဟုတ်ပါဘူး။
ဒီလိုပြောလို့ ငွေကို အနှစ်သာရတစ်ခုအနေနဲ့ သတ်မှတ်နေတယ်လို့ မထင်စေလိုပါ။
ငွေကို ဘယ်လို စိတ်ထားနဲ့ ရှာမလဲဆိုတာ သိစေချင်တာပါ။
ငွေရှာတဲ့ ရည်ရွယ်ချက်ကို ဆွေးမျိုးဉာတကာကိုထောက်ပံ့ဖို့၊ သာသနာကို စောင့်ရှောက်ဖို့ ဆိုတဲ့ရည် ရွယ် ချက်နဲ့ရှာရင် ရှာစဉ်ကတည်းကိုက အားရပါးရလုံ့လစိုက် ရှာနိုင်ပါတယ်။ ရှာရတာမှာလည်း ပျော်ရွှင်မှုရှိ နေပါတယ်။
ရည်ရွယ်ချက်ကိုက ကောင်းတဲ့အတွက် လုပ်ဆောင်ချက်လည်း ကောင်းလာပါတယ်။ ဒီလိုစိတ်ဓာတ်ရှိ သူဟာ ဝိသမလောဘနဲ့ မတရားသဖြင့် မရှာဖွေတော့ပါဘူး။ ရာသီဥတုပျက်ပြီး လူများကိုထိခိုက်မယ့် သစ်တောတွေခုတ်တာ၊တစ်မျိုးသားလုံးအ ညွန့်တုံးစေမယ့် မူးရစ်ဆေးဝါးရောင်းချတာ၊ အစားအသောက်ဆေး ဝါးတွေ အတုလုပ်ရောင်းတောတွေလုံးဝမလုပ်တော့ပါဘူး။
ကံ မကောင်းလို့ မအောင်မြင်ခဲ့ဖူးထားပါအုံး။ သူ့အတွက် စိတ်ဓာတ်ကျ အားငယ်စရာ ဘယ်လိုပါလိမ့် မလဲ။ စရှာဖွေကတည်းက ငါ၊ ငါဟာ ဆိုတဲ့ အတ္တမာန တွေနဲ့ သိမ်းပိုက်ဖို့မဟုတ်ဘဲ အများအကျိုး၊ သာသနာ အကျိုးအတွက် စွန့်လှုဖို့ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရှာဖွေခဲ့တာဖြစ်တဲ့အတွက် ဆုံရှုံးခဲ့ရင်လည်း ခံနိုင်ရည်ရှိပါတယ်။
ဒီလိုငွေရှာနည်းမျိုးကို မြတ်စွာဘုရားနှစ်သက်တော်မူပါတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့ အန္တိမပန်းတိုင်ဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးပဲဖြစ်တယ်။ ဒီလိုနိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့က နိဗ္ဗာန်ရောက်ကြောင်း အကျင့်အားလုံးကို လုပ်ရမှာဖြစ်တယ်။
နိဗ္ဗာန်မျက်မှောက်ပြုနိုင်ဖို့က ဒါနလည်းပြုရမယ်၊ သ်ီလလည်း ဆောက်တည်ရမယ်၊ ဘဝနာလည်းပွားများ အားထုတ်ရမှာ ဖြစ်တယ်။
ဒါနပြုဖို့အတွက်က ဒါနပြုစရာပစ္စည်းရှိမှ ဖြစ်တယ်။ ဒါနပြုစရာပစ္စည်းရဖို့အတွက်က ငွေလိုတယ်။ ငွေရ ဖို့အတွက်အလုပ်လုပ်ရပါတယ်။ ဒီလို လုပ်ရမှာ တရားသဖြင့် ရှာဖွေတဲ့အတွက် သီလကိုလည်း စောင့်ရှောက်ပြီး သားဖြစ်နေပြန်တယ်။ ဒါတွေဟာ ပါရမီဖြည့်နေတာဖြစ်ပါတယ်။
လောကီကိုလုံးလုံးစွန့်ပြီး ဘာဝနာတစ်ခုတည်းကို စိုက်လိုက်မတ်မတ်ပွားနေသူအတွက် လောကီစီး ပွားချမ်းသာကို မရှာဖွေတာဟာ ကောင်းပေမေယ့် လောကီနဲ့မလွတ်ကင်းသေးတဲ့ သာမာန်လူသားတွေအတွက် ကတော့ လောကီချမ်းသာဟာ လိုအပ်ပါသေးတယ်။
ကိလေသာမကင်းသေးလို့ သား၊မယား၊ မိသားစုနဲ့ စည်းစိမ်ခံစားရင်လည်း အပြစ်ကင်းစွာရှာဖွေလို့ရတဲ့ ဥစ္စာကိုခံစားတာဟာ အပြစ်မဟုတ်သေးပါဘူး။
ဒီလိုမှမဟုတ်ဘဲ မိမိပျင်းရိ၊ ညံ့ဖျင်းတာကို ဖုံးကွယ်ချင်တာနဲ့ တရားသိသလိုလို၊ အလိုနည်းသလိုလိုနဲ့ မြတ်စွာဘုရားတရားတော်တွေကို ခုတုံးမလုပ်မိကြပစေနဲ့။ ဗုံမဟုတ် ပတ်မဟုတ်ဘဲ ဟိုမရောက်တွေ ဖြစ်ကုန် ပါတယ်။
ဒီတော့ လူငယ်တွေအနေနဲ့ အရွယ်ရှိတုန်းမှာ သိသင့်တဲ့အတတ်ပညာကိုလုံ့လဝီရိယထားပြီးသင်ယူ၊ လုပ်ငန်းကို ကြိုးကြိုးစားစားလုပ်၊ အသောက်အစား အပျော်အပါးကို ရှောင်၊ မရှောင်နိုင်သေးရင်တော့ လျော့ပါ။ ဘုရားကြိုက်တဲ့နည်းတွေနဲ့ စီးပွားရှာပါ။
အထူးမှာလိုတာက ဘုရားတရားကို တလွဲအဓိပ္ပါယ်မဖော်ပါနဲ့။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ပြီးမှ ရခဲ့တဲ့ သဗ္ဗညုတဉာဏ်နဲ့ ဟောခဲ့တဲ့တရားတွေဟာ လောကီ၊ လောကုတ် အတွက် အကျိုးရှိတယ်ဆို တာ ရဲရဲကြီးယုံပြီး ဘုရားစကားကိုနားထောင်ကာ ကြီးပွားအောင်လုပ်ကြပါ။
ဓမ္မဘေရီဆရာတော် ဆုံးမသလို " တောကြောင်ဆိုရင်လည်း မြက်စားပါ၊ အိမ်ကြောင်ဆိုရင်လည်း ကြွက်ခုတ် " ပါလို့ ပြောပါရစေတော့။
လောကရေးလည်း မဖျင်းစေနှင့်၊ ဓမ္မရေးလည်းမယွင်းစေနှင့်၊
လောကရေးဖျင်းတော့ လူရှောင်ကွင်းတတ်တယ်၊
ဓမ္မရေးယွင်းတော့ အပါယ်သို့ ဆင်းရလိမ့်မယ်။
(မှိုကုန်းဆရာတော်)
အရှင်ပညာသီရိ ( ရမ္မာကျွန်း)

Comments
Post a Comment