“ အိမ်သုံးမဂ္ဂင် ရှစ်ပါး ”
#အိမ်သုံးမဂ္ဂင် ရှစ်ပါး .......
၁။ #သမ္မာဒိဋ္ဌိ - (ကောင်းစွာ မြင်ခြင်း)
... ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမှု, မကောင်းမှုကံတွေသည်
ငါ၏ သန္တာန်၌ အဖတ်တင်ရစ်သည်။ နောင်အခါအခွင့်သင့်သလို
ကောင်းကျိုး, မကောင်းကျိုးကို တွေ့ကြုံရမည်-ဟု ကံနှင့်ကံ၏
အကျိုးကို နားလည်သော ဥာဏ်ဖြစ်ပါစေ။
၂။ #သမ္မာသင်္ကပ္ပ - (ကောင်းစွာ ကြံစည်ခြင်း)
... မိမိအတွက်ဖြစ်စေ, သူများအတွက်ဖြစ်စေ
စိတ်သဘောကြီးကြီးထားလျက် အပြစ်မရှိဘဲ
အကျိုးများမည့်အကြံကိုသာ ကြံပါ၊ သူတစ်ပါး ပျက်စီးသွားမည့်အကြံ၊
ဆင်းရဲသွားမည့်အကြံများကို မကြံမိပါစေနဲ့၊ မေတ္တာ ကရုဏာထား၍
သနားပါ၊ စောင့်ရှောက်ပါ၊ တစ်ခါတစ်ရံ၌ကား
"လူ့လုပ်ငန်းကိစ္စကို ဖြတ်၍ သင့်တော်ရာအရပ်၌
(ဥပုသ်ရက်ရှည်စောင့်ကာ) ဆိတ်ဆိတ်ငြိမ်ငြိမ် တရားကျင့်မည်"ဟု ကြံပါ။
၃။ #သမ္မာဝါစာ - (ကောင်းစွာ ပြောဆိုခြင်း)
... မိမိမှာဖြစ်စေ သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာ ပြောပါ၊
မုသားစကား၊ ကြမ်းတမ်းသောစကား၊ အပျက်အချော်၊
အပြောင်အလောင်စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်။
အိပ်ရာဝင် အိပ်ရာထ အခါတို့၌ မိမိကျက်မှတ်ထားသော
ဘုရားနှုတ်တော်ထွက် တရားစာပေများကို ရွတ်နိုင်လျှင်
သာ၍ ကောင်းပါသည်။
၎။ #သမ္မာကမ္မန္တ - (ကောင်းစွာ ပြုလုပ်ခြင်း)
... မိမိမှာဖြစ်စေ သူများမှာဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ
ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်မိပါစေ၊ သတ်မှု, ခိုးမှု စသော
ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့်၊
အိပ်ရာဝင် အိပ်ရာထများတွင် ဗုဒ္ဓဝေယျာဝစ္စ (ရေလဲ ပန်းကပ်)
စသည်ကို နေ့စဉ် ပြုလုပ်မိပါစေ။
၅။ #သမ္မာအာဇီဝ - (ကောင်းစွာ အသက်မွေးခြင်း)
... မိမိအသက်မွေးကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ၊
သူတစ်ပါး မျက်ရည်ကျပြီးမှ မိမိဝမ်းဝမည့် အလုပ်ကို တစ်သက်လုံး
ရှောင်ကြဉ်ပါ။ စွမ်းနိုင်လျှင် ရောင်းရေးဝယ်ရာ စသည်တို့၌
ဆင်းရဲသူများကို ညှာတာနိုင်သမျှ ညှာတာပါ။
၆။ #သမ္မာဝါယာမ - (ကောင်းစွာ အားထုတ်ခြင်း)
... စီးပွားရှာ၌ဖြစ်စေ, ကုသိုလ်ကိစ္စ၌ဖြစ်စေ, ၀ီရိယအမြဲရှိပါစေ၊
လောကီစီးပွားရေးဖြစ်စေ၊ သံသရာကြီးပွားရေးဖြစ်စေ၊
မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ အရေးဖြစ်စေ၊
"အေးအေးစက်စက်နှင့် ကံစီမံသလို ဖြစ်လိမ့်မည်ဟု" ကံတစ်ခုကို
အားကိုးလို့ ရနိုင်ရိုး မရှိပါ။ ရေလားမြောင်းပေးဆိုသလို
ဝီရိယဖြင့် ကူညီပေးမှ ရှေးကံတွေ အခွင့်သာ၍
သင့်ရာအကျိုးကို ပေးပါသည်။
၇။ #သမ္မာသတိ - (ကောင်းစွာ အောင့်မေ့ခြင်း)
... နေ့စဉ် ပြုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်။
အမြဲသတိရပါစေ၊ သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင်
ဂတိကောင်းကို မုချရပါတော့မည်။
၈။ #သမ္မာသမာဓိ - (ကောင်းစွာ တည်ကြည်ခြင်း)
... စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နှုတ်အပြောလည်း
စဉ်းစဉ်းစားစား သတိထားလျက် တည်ကြည်စွာ ပြောပါ၊
မျက်နှာအနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင်
ငြိမ်သက် တည်ကြည်နေလျှင် မြင်နေသူ လူအများက
ခန့်ညားကြည်ညိုလျက် မျက်နှာအနေမကင်းသည့် အတွက်လည်း
တစ်မျိုး ကျက်သရေတိုးကာ ချစ်ခင်စရာ ဖြစ်လာပါလိမ့်မည်။
Credit: #အရှင်ဇနကာဘိဝံသ ၏ #ပထမကျမ်းစာ #ရတနာဂုဏ်ရည်

Comments
Post a Comment