“အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နဲ့ လူ”


 

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နဲ့ လူ

ရက်၊ လ၊ နှစ်၊ အချိန်နာရီဆိုတာတွေက တရစပ် အရပ်အနားမရှိ အမြဲရှေ့ကိုသာ တိုးသွားနေတဲ့ အရာတွေဖြစ်တာ မှန်ပေမယ့် အဲဒီအချိန်ဆိုတဲ့ အဝန်းအဝိုင်းထဲမှာ ရပ်တည်ရှင်သန်နေတဲ့ လူတွေရဲ့ စိတ်ကတော့ ဒီသဘောမရှိပါဘူး။ ရုပ်ခန္ဓာကသာ အချိန်ကာလ ယန္တရားကြီးနဲ့အတူ တရွေ့ရွေ့မျောပါ နေရပေမယ့် လူတွေရဲ့စိတ်ကတော့ မရောက်သေးတဲ့ အနာဂတ်ကိုမျှော်ပြီး အဲဒီအနာဂတ်ထဲမှာ ရောက်ချင်ရောက်နေ တတ်သလို တစ်ခါတလေကျတော့လည်း ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတိတ်ကာလဆီကို နောက်ပြန်လှည့်ကြည့်ရင်း လွမ်းဆွတ်ငေးမော နေတာမျိုးလည်း ဖြစ်ချင်ဖြစ်နေ တတ်ပါတယ်။

အမှန်တော့ အတိတ်ဆိုတာ ပြီးဆုံးသွားခဲ့ပြီမို့ ဒီကနေ့ ပစ္စက္ခအခြေအနေမှာ ရှေးဟောင်းနှောင်းဖြစ် ပြောစရာစကားတစ်ခု ဆိုတာကလွဲလို့ ဘာမှလက်ဆုပ်လက်ကိုင် ပြစရာတစ်ခုမှ မရှိတော့ပါဘူး။ အတိတ်မှာ ကိုယ်ပြုခဲ့တဲ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အမှားတွေလဲရှိနိုင်သလို မှန်ခဲ့တာတွေလည်း တစ်ပုံတစ်ပင် ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေ အားလုံးဟာလည်း ခုအချိန်မှာတော့ အရှိန်တစ်ခုအနေနဲ့ ကိုယ့်ကိုတွန်းပို့ထားရစ်ခဲ့ပြီ။ အဲဒီဖြစ်ရပ်တွေကတော့ ပျောက်ကွယ်သွားခဲ့ကြပါပြီ။ ဒါပေမဲ့ စိတ်ရဲ့စွဲလန်းမှုကြောင့် ကိုယ်ပြုခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေက ကိုယ့်ကိုလွှမ်းမိုးပြီး ကိုယ့်စိတ်ကို ခြောက်လှန့်နေတုန်းပဲ ဆိုရင်တော့ ကိုယ်ကိုယ်တိုင်ဟာလည်း အတိတ်မှာနေခဲ့တဲ့လူလို့ ပြောရတော့မယ် ထင်ပါတယ်။

ဘုရားရှင်လက်ထက်တော်က ရဟန်းတစ်ပါးကတော့ မြတ်စွာဘုရားရှင်ရဲ့ အထံပါးကိုကပ်ပြီး “ကမ္ဘာကြီးမြဲသလော မမြဲသလော” အစရှိသဖြင့် ကိုယ်မသိနိုင်တဲ့ အနာဂတ်ကို ကြိုတင်မှန်းဆပြီး မေးခွန်းတွေမေးပါတယ်။ နောက်မှ ဒီပြဿနာတွေကို ဘုရားရှင်က ဖြေရှင်းမပေးရင် သူဟာဒီရဟန်းဘဝမှာနေပြီး တရားအားမထုတ်နိုင်ပါဘူးလို့ အရေးဆိုပါတယ်။ ဒီတော့ ဘုရားရှင်က အဲဒီရဟန်းကို “သင်ဒါတွေသိတော့ ဘာလုပ်မှာလဲ။ သိသွားတော့ကော သင့်အတွက် ဘာအကျိုးရှိမှာလဲ။ လက်ရှိသင်ရနေတဲ့ဘဝကို တန်ဖိုးထားပြီး သင်လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံး လုပ်သွားတာက သင့်အတွက် အမှန်တကယ် တန်ဖိုးရှိတာပဲမဟုတ်ဘူးလား” လို့ မိန့်တော်မူပါတယ်။

စကားတစ်ခွန်း ကျွန်တော်ကြားဖူးပါတယ်။ “အတိတ်ဆိုတာ သင်ခန်းစာ၊ အနာဂတ်ဆိုတာ မျှော်လင့်ချက်၊ ပစ္စုပ္ပန်ဆိုတာကတော့ အောင်ပွဲတစ်ခုဆီကို ချီတက်နေတဲ့ ခြေလှမ်းတစ်လှမ်း” ဆိုသလိုပါပဲ။ အတိတ်ကကျန်ခဲ့ပါပြီ။ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကတော့ မရောက်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တစ်တွေကတော့ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကို မျှော်လင့်ပြီး ပစ္စုပ္ပန်ဆိုတဲ့ ဒီကနေ့ကိုတော့ မေ့မေ့လျော့လျော့နဲ့ ပစ်ထားလိုက်တတ်ကြပါတယ်။ အမှန်ပြောရရင် အနာဂတ်ဆိုတာ ဒီကနေ့ ကိုယ်ကိုယ်တိုင်ပြုမူ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်အားလုံးရဲ့ အကျိုးရလဒ် တစ်ခုသာပဲဆိုတာ မေ့မထားသင့်ပါဘူး။

ဒီနေရာမှာ ကျွန်တော်ငယ်စဉ် သူငယ်ချင်းတစ်ယောက်က ပြောဖူးခဲ့တဲ့ စကားတစ်ခွန်းကိုတော့ ဒီကနေ့အထိ ကျွန်တော်မမေ့ပါဘူး။ ကျွန်တော့်ကို ပြောဖူးတာက “အလုပ်လုပ်တယ် ဆိုကတည်းက မျှော်လင့်ချက်နဲ့ အလုပ်လုပ်တာမို့ မမျှော်လင့်ဘဲနဲ့လည်း ဘာအလုပ်မှ မလုပ်ပါနဲ့တဲ့။ ဒါပေမဲ့ ဖြစ်မလာရင်လည်း ဖြေနိုင်အောင် မျှော်လင့်ချက်ကိုလည်း အများကြီးမထားပါနဲ့” တဲ့ ဟုတ်ပါတယ်။ လူဆိုတာ အများသုံး ဝေါဟာရနဲ့ ပြောရရင် မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါ။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်မှာတော့ ကမ္ဘာဦးလူရယ်လို့ စတင်ဖြစ်ပေါ်လာစက နတ်တွေဟာ လူတွေကို သေတ္တာလေးတစ်လုံး လက်ဆောင်ပေးခဲ့ ဖူးပါသတဲ့။ ဒါပေမဲ့ ဒီသေတ္တာကို ဘယ်တော့မှ ဖွင့်မကြည့်ပါနဲ့လို့ ဂရုတစိုက် အခါခါမှာပြီးမှ ပေးခဲ့တာပါ။ ဒီလိုနဲ့ နတ်တွေ ကောင်းကင်ဘုံကို ပြန်ကြွသွားပြီးတဲ့ နောက်မှာတော့ လူတွေရဲ့ စိတ်ထဲမှာ မရိုးမရွ ဖြစ်လာပါတယ်။ ထုံးစံအတိုင်း သေတ္တာထဲမှာ ဘာတွေများ ပါနေမလဲလို့ စပ်စုချင်နေတာပါ။ ဒါနဲ့နောက်ဆုံး မနေနိုင်တော့ ဖွင့်ကြည့်လိုက်ကြပါတယ်။ ဖွင့်ကြည့်လိုက်တယ်ဆိုရင်ပဲ သေတ္တာထဲကနေ ငြိမ်းချမ်းရေး၊ ပျော်ရွှင်မှု၊ မေတ္တာတရားနဲ့ လူတွေလိုချင်တပ်မက်တဲ့ အကောင်းဆုံး အရာတွေဟာ သေတ္တာထဲကနေ ဖြတ်ခနဲ ဖြတ်ကနဲ ခုန်ထုတ်ပြီး လေထုထဲမှာ ပျောက်ကွယ်သွားကြပါတယ်။ နောက်ဆုံးလူတွေက သတိမူမိပြီး သေတ္တာကိုချက်ချင်း ပြန်ပိတ်လိုက်တော့ သေတ္တာထဲမှာ မျှော်လင့်ခြင်းဆိုတဲ့ အရာတစ်ခုသာ ကျန်ခဲ့ပါတော့သတဲ့။ ပုံပြင်ကလေးရဲ့အဆုံးမှာ မှတ်ချက်ပြုထားတာကတော့ အဲဒီအချိန်ကစပြီး လူသားတွေဟာ သူတို့လိုချင်တောင့်တတဲ့ အရာတွေကို ရနိုင်ဖို့အတွက် မျှော်လင့်ရင်းနဲ့သာ အသက်ရှင်နေရပါတော့သတဲ့။ ဒီအတိုင်းသာ မှန်ခဲ့မယ်ဆိုရင် သေတ္တာဖွင့်တဲ့သူကို ဖော်ထုတ်ပြီး တရားစွဲသင့်တယ်လို့ ထင်ပါတယ်။

အချုပ်အားဖြင့် ပြောရရင် လူရယ်လို့ ဖြစ်လာပြီး လူ့ဘဝဆိုတာကို ရလာပြီဆိုမှတော့ ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ ဒုက္ခတွေ၊ ပြဿနာတွေ ဆိုတာကလဲ ရင်မဆိုင်ချင်လို့ မရတော့ပါဘူး။ ဒါ့အပြင် ကိုယ်စွမ်းနိုင်သလောက် ရယူနိုင်တဲ့ အောင်မြင်မှုတွေ၊ ကိုယ့်ရဲ့ညံ့ဖျင်းမှုကြောင့် မအောင်မြင်ကျရှုံး ခဲ့ရတာတွေကိုလဲ တွေ့ကြုံရမှာ အမှန်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးပါးနဲ့ ထိတွေ့ယဉ်ပါးနေတဲ့စိတ်ကို ပိုင်ဆိုင်ထားကြတဲ့ သူတွေဖြစ်လေတော့ အတိတ်မှာ တွေ့ကြုံခဲ့ရတဲ့ အမှားတွေက ကိုယ့်စိတ်ကိုပြန်ပြီး ခြောက်လှန့်နှိပ်စက် ခံနေရတာမျိုး မဖြစ်အောင်လည်း ကြိုးစားဖြေဖျောက်ပြီး နေသင့်ပါတယ်။ ဒါနဲ့အတူ ရောက်မလာသေးတဲ့ အနာဂတ်ကို ကြိုတွေးပြီး အလောတကြီးနဲ့ စိတ်ပင်ပန်းတာမျိုးလည်း မဖြစ်သင့်ပါဘူး။

လက်ရှိကိုယ်ရောက်နေတဲ့ ပစ္စုပ္ပန်တည့်တည့်မှာ အမှန်ကန်ဆုံး ရပ်တည်ချက်နဲ့ရပ်တည်ရင်း နေ့တိုင်းနေ့တိုင်းကို အကောင်းဆုံးအနေအထားနဲ့ သတိထားတည်ဆောက်ပြီး ကျန်ရှိနေသေးတဲ့ ကိုယ့်ဘဝရဲ့အစိတ်အပိုင်းတွေကို ဂရုတစိုက်ပြုပြင်နေထိုင်သွားခြင်းသည်သာ လူသားတစ်ယောက်အနေနဲ့ တန်ဖိုးရှိစွာ နေထိုင်ခြင်းဖြစ်လိမ့်မယ်လို့ ကျွန်တော်ကတော့ မှတ်ထင်ယုံကြည်နေမိပါတယ်။

( ရေးသူ - ဘစံကောက် )


Comments

Popular Posts

"ကျွန်းကြီးလေးကျွန်း"

"မြင်းမိုရ်"

သေခြင်းကောင်းသော ဘ၀၊ လားရာကောင်းသော ဂတိ

"သီတဂူဆရာတော် ဘုန်းကြီးတယ်"ဆိုတာ