“ စကားတစ်ခွန်း ”



စကားတစ်ခွန်း
==========

“စကားတစ်ခွန်းဟာ မပြောသေးခင်မှာ မင်းဟာ အဲဒီစကားရဲ့ အရှင်သခင်ပဲ ပြောလိုက်ပြီ ဆိုရင်တော့ မင်းဟာ သူ့ရဲ့ ကျွန်ဖြစ်သွားပြီ”

လီကာရှင်း (ဟောင်ကောင်သူဌေး)

အခါတစ်ပါးသော် မြတ်စွာဘုရားရှင်သည် ရှင်ရာဟုလာအား ဤသို့ဆုံးမ၏။ “ရာဟုလာ ကာယကံ၊ ၀စီကံ၊ မနောကံ အလုပ်များကို လုပ်မည်ပြုသောအခါ ဤသို့ စဉ်းစားဆင်ခြင်အပ်၏။ ဤငါ၏ အမှုသည် မိမိကိုယ်တိုင် ပင်ပန်းဆင်းရဲခြင်းငှာ ဖြစ်လေသလော၊ သူတစ်ပါး၏ ပင်ပန်းဆင်းရဲခြင်းငှာ ဖြစ်လေသလော။ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှာ ဖြစ်လေသလော၊ ဆင်းရဲစေကြောင်း မကောင်းသော အမှုဖြစ်နေလျှင် ထိုအမှုကို တဇွတ်ထိုးစိတ်နှင့် မပြုလုပ်ပါနှင့်၊ မိမိ သူတစ်ပါး နှစ်ပါးစလုံးအား မပင်ပန်း မဆင်းရဲစေကြောင်း ကောင်းသောအမှုဖြစ်ပါက ထိုအမှုများကို နေ့ရောညဥ့်ပါ ကျင့်သုံး၍ နေပါလော့။ ကောင်းမြတ်သော အမှုများကို ပြုလုပ်လျက် နှစ်သက်ဝမ်းသာ ပျော်ပျော်ကြီးနေပါလော့ ရာဟုလာ” ဟု ဆုံးမတော်မူလေ၏။ ဤတွင် ဘုရားရှင် ဟောကြားတော်မူသော ကာယကံ ဆိုသည်မှာ ကိုယ်ဖြင့်ပြုအပ်သော အမှုဖြစ်၍ ၀စီကံဟူသည်မှာ နှုတ်ဖြင့်ပြုအပ်သော အမှုဖြစ်လေသည်။ မနောကံဟူသည်မှာကား စိတ်ဖြင့် ကြံစည်ပြုလုပ်သော အမှုဖြစ်လေ၏။

ဤကံသုံးပါးအနက် နေ့စဉ်နှင့်အမျှ အလွယ်တကူနှင့် ကျွန်တော်တို့ ပြုလုပ်လေ့ရှိသော အမှုကို ပြောပါ။ ပြပါဟုဆိုလျှင် ၀စီကံအမှုကို ပြရလိမ့်မည်ထင်သည်။ အမှန်ဆိုရလျှင် ၀စီကံအမှုကား ပြုရလွယ်သလောက် ပြင်ရခက်သော သဘောရှိ၏။ အခြားမကြည့်ပါနှင့် ပုဂံရာဇ၀င်တွင် နောင်တော်ဖြစ်သော “စုက္ကတေး” သည် “အနော်ရထာ” အား “ညီ သားနောင်မယ်” ဟု ပြက်ရယ်သဘောနှင့် ပြောတော်မူလိုက်၏။ အနော်ရထာကား ဤစကားကို စိတ်တွင် ဘ၀င်မကျ။ ထို့ကြောင့် ခမည်းတော် “ကြောင်ဖြူမင်း” ကို စကား၏ ဆိုလိုရင်းအား မေးသည်ရှိသော် “အမောင့်၏အမိကို ယူလို၍တည်း” ဟုဆိုသဖြင့် ပြင်းစွာ အမျက်ထွက်၍ နောင်တော်ကို ပုန်ကန် ခြားနားလေတော့သည်။ နောင်သော် အဖေတူ အမေကွဲ နောင်တော် “စုက္ကတေး” ကိုရ အောင်ပြု၍ ပုဂံထီးနန်းကို သိမ်းပိုက်လေတော့၏။

ဤကား စကားတစ်ခွန်း အမှားကြောင့် ထီးနန်းစည်းစိမ်နှင့်တကွ အသက်ပါဆုံးရသော သာဓကဖြစ်ရပ် အမှန်ပင်တည်း။ ထို့ကြောင့် ဤသည်ကို အကြောင်းပြု၍ ရှေးရှေးသော ဘိုးဘွားမိဘတို့က “ကြမ်းကျွံလျှင် နှုတ်ရလွယ်သည်။ စကားကျွံသော် နှုတ်၍မရ” ဟု နောင်လာနောက်သားတို့အား ဥပမာထားကာ သွန်သင်ခဲ့ကြခြင်း ဖြစ်ပုံရလေသည်။

ဤတွင် လူတို့၏ သဘာဝအရ အမှားပါမည်ကိုကြောက်၍ စကားလုံးဝ မပြောဘဲနေ ရန်မဖြစ်နိုင်ချေ။ ထို့ကြောင့် စကားပြောရာတွင် လိုက်နာရမည့်အချက် ၁၀ ချက်ကို ကောင်းစွာသိထားသင့်၏။ 

ယင်းအချက် ၁၀ ချက်မှာ -

(၁) ကာလ၀ါဒီ = ပြောချိန်၊ ပြောခွင့်သင့်မှ ပြောဆိုခြင်း။

(၂) ဘူတ၀ါဒီ = ဟုတ်မှန်သောစကားကို ပြောဆိုခြင်း။

(၃) ဓမ္မ၀ါဒီ = တရားနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း။

(၄) အတ္တ၀ါဒီ = အကျိုးနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း။

(၅) ပီယ၀ါဒီ = ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း။

(၆) မိဟိတပုဗ္ဗဘာဏိ = ပြုံးရွှင်ခြင်းကို ရှေးဦးစွာပြု၍ ပြောဆိုခြင်း။

(၇) မိတဘညဏိ = မယုတ်မလွန် ချင့်ချိန်၍ ပြောဆိုခြင်း။

(၈) အတုရိက၀ါဒီ = အဆောတလျင် မပြောဆိုခြင်း။

(၉) ငပါရီ = မြို့ကြီးသူ၊ မြို့ကြီးသားတို့၏ ယဉ်ကျေးမှုဟန်ပန်၊ ဓလေ့ထုံးစံကို အတုလိုက်၍ ပြောဆိုခြင်း။

(၁၀) ၀ိသ၀ါဒီ = သန့်ရှင်းသေချာ၊ အက္ခရာ ဋ္ဌာန်ကရိုဏ်း ကျနသေချာ၊ ပီသစွာ ပြောဆိုခြင်းဟူ၍ ဖြစ်လေသည်။


ဤနေရာ၌ ကာလ၀ါဒီပြောချိန်၊ ပြောခွင့်သင့်မှ ပြောဆိုခြင်းဟူရာ၌ ကာလဒေသ ပယောဂဟူသော အခြေအနေ အရပ်ရပ်ကို မှန်ကန်စွာ ရှုမြင်သုံးသပ်၍ အပြစ်မှလွတ်အောင် ပြောခြင်းမျိုးကို ဆိုလို၏။ အချို့ကား အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေဖြစ်အောင် မပြောတတ်သောကြောင့် မိမိစကားကမှန်၍ အကျိုးရှိနိုင်ပါသော်လည်း တစ်ဖက်သားတို့က မနာယူကြသဖြင့် မိမိမှာ အပြစ်တင်ခံရတတ်လေသည်။

ဘူတ၀ါဒီ” ဟုတ်မှန်သော စကားကား စကားကောင်းဖြစ်၏။ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ဖို့သာ အရေးကြီး၏။

ဓမ္မ၀ါဒီ” တရားနှင့်စပ်သော စကားသည်လည်း စကားကောင်းပင်ဖြစ်၏။

အတ္တ၀ါဒီ” မိမိသူတစ်ပါး နှစ်ပါးစလုံး၏ အကျိုးကိုရည်မျှော်၍ ပြောသောစကားတို့သည်လည်း စကားကောင်းပင်ဖြစ်၏။ ဤတွင်စကားကို “ပီယ၀ါဒီ” ချစ်ခင်ဖွယ်ဖြစ်အောင် ချိုချိုသာသာနှင့် ပြုံးရွှင်စွာ ပြောခြင်းဖြင့်လည်း မိမိစကားသည် ထိရောက်လွယ်၏။ အပြစ်မရှိနိုင်ချေ။

မယုတ်မလွန် ပြောဆိုခြင်းမျိုးကား မည်သည့်နေရာတွင်မဆို အသုံးကျတတ်၏။ စိတ်ကို အလိုလိုက်၍ အဆောတလျင် ပြောဆိုခြင်းမျိုးကိုကား မည်သည့်အခါတွင်မျှ မပြုလုပ်အပ်ချေ။

မြို့ကြီးသူမြို့ကြီးသားတို့၏ ပြုမူပြောဆိုဟန်ကား ယဉ်ကျေးလိမ္မာခြင်း သဘောကိုဆောင်သဖြင့် ရိုင်းစိုင်းကြမ်းတမ်းသော အမူအယာနှင့်နှိုင်းဆလျှင် စကားပြောဆိုရာ၌ ထိရောက်တတ်လေသည်။

စကားပြောကောင်းသူ တစ်ယောက်ဖြစ်ဖို့ရာ အတွက်ဆိုလျှင်မူ မိမိပြောဆိုသော စကားများသည် သန့်ရှင်းသေချာဖို့ အရေးကြီး သကဲ့သို့ စကားပီသ၍ ဋ္ဌာန်ကရိုဏ်းကျကျ ပြောဆိုနိုင်ခြင်းသည်လည်း အရေးပါလှ၏။ သို့သော် စကားဟူရာ၌ကား မိမိနှင့် အကျွမ်းဝင်၍ အကျိုးအပြစ်ကို နားလည်သော ဆုံးမရလွယ်ကူသော သူမျိုးနှင့်သာ အချေအတင်ပြု၍ ပြောအပ်၏။ အောက်ဖော်ပြပါ လူ ၁၃ ယောက်ကိုမူကား အခြေအနေ အချိန်အခါကိုကြည့်၍ ပြောသင့်မှ ပြောအပ်၏။ အဆုံးဆိုရလျှင် မပြောသင့်က မပြောဘဲနေ၍ ရင်းနှီးအောင်ပင် မပေါင်းဖော်သင့်ဟု ရှေးပညာရှိများက မိန့်ဆိုဖူး၏။ ထိုလူ ၁၃ ယောက်တို့မှာ

(၁) မကောင်းမှုကို ပြုလေ့ရှိသောသူ။

(၂) မုသားစကားကိုသာ ဆိုလေ့ရှိသူ။

(၃) မိမိအကျိုးကိုသာကြည့်၍ အတ္တများ လွန်းသောသူ။

(၄) မိမိ၌ ထို ... ထိုသောဂုဏ်မျိုး မရှိပါဘဲလျက် ဂုဏ်ရှိဟန်ဆောင်သောသူ။

(၅) နှုတ်ဖြင့်သာ အဆွေခင်ပွန်းဖွဲ့၍ မိတ်ဆွေမပီသသူ။

(၆) နှုတ်ဖြင့်သာပေး၍ နှုတ်ဖြင့်သာ အမှုကိစ္စပြုတတ်သူ။

(၇) အရှက်အကြောက်မရှိသူ၊ ကင်းသူ။

(၈) ကျေးဇူးတရားကို မသိတတ်သောသူ။

(၉) ချစ်လွယ်သကဲ့သို့ မုန်းလွယ်တတ်သောသူ။

(၁၀) အနိုင်ကျင့် ညှဉ်းဆဲတတ်သူ။

(၁၁) အန္တရာယ်ပြုတတ်သောသူ။

(၁၂) အမနာပ အပြောသက်သက်ရှိသူ။

(၁၃) မြင်မြင်သမျှကို လိုချင်၍ အလိုလောဘကြီးလွန်းသောသူ အစရှိသော ထိုလူ ၁၃ ယောက်တို့အား အထူးသတိထား၍ ပေါင်းဖော်ပြောဆိုအပ်၏။


ဆိုရလျှင် “နှစ်လက်မရှိသောလျှာသည် ခြောက်ပေရှိသော လူကိုသတ်နိုင်၏” ဆိုသကဲ့သို့ “နှုတ်ကြောင့် သေ၊ လက်ကြောင့်ကြေ” တတ်သောစကားတို့၏ သဘောကိုကောင်းစွာ ဆင်ခြင်ပြီး စကားကို ချင့်ချိန်ပြောတတ်ဖို့ရန် အတွက် အမြဲသတိထားနေရန် လိုအပ်ကြောင်း စေတနာကောင်းနှင့် သတိပေး လိုရင်းသာ ဖြစ်ပါသည်။

Writer:
ဘစံကောက်

Comments

Popular Posts

"ကျွန်းကြီးလေးကျွန်း"

"မြင်းမိုရ်"

သေခြင်းကောင်းသော ဘ၀၊ လားရာကောင်းသော ဂတိ

"သီတဂူဆရာတော် ဘုန်းကြီးတယ်"ဆိုတာ