“မေမေ ဖေဖေက ကလေးဆုံးမတဲ့အခါ”
မေမေ ဖေဖေက ကလေးဆုံးမတဲ့အခါ
*****************************
မေမေ ဖေဖေက ကလေးဆုံးမတဲ့အခါ နည်းလမ်းမှန်မှ အဆင်ပြေထိရောက်နိုင်ပါသည်။
(၁) စံပြမိခင် စံပြဖခင် ဖြစ်အောင်နေပါ။
မိဘက ကလေး၏ ပထမဆုံးနှင့် အနီးကပ်ဆုံး ဆရာဖြစ်သည်။ ဥပမာ- ယဉ်ကျေးသောကလေးဖြစ်လာစေရန် မိဘက ယဉ်ကျေးသော စကားများပြောရမည်။
✅
(၂) ကလေးကြောင့် မိဘအဆင်မပြေမှု ရှိလျှင် မဆူခင် အကြောင်းရင်းကို ပြောပါ။
ဥပမာ- အရေးကြီးကိစ္စဖုန်းပြောနေချိန် ကလေးက ဆူညံစွာ ဆော့နေလျှင် "ဟဲ့ နားငြီးတယ် ဝေးဝေးသွားဆော့" ဟု အော်မည့်အစား "သားရေ သားဆူနေတော့ မေမေ ဖုန်းမကြားရဘူး၊ ခဏလောက်တိတ်ပေးပါ" လို့ ပြောပြမှ ကလေးက နောက်တခါ အမေဖုန်းပြောနေချိန် မဆူညံသင့်ကြောင်း သဘောပေါက်မည်။
✅
(၃) အနားကပ်ပြီး ဆုံးမပါ
တစ်ခုခု ဆုံးမလိုလျှင် အဝေးမှ အော်ပြောခြင်းထက် ကလေးအနားသွားထိုင်ချ၍ ကလေးမျက်နှာကို ကြည့်၍ ပြောပြခြင်းက ကလေးကို အာရုံပိုစိုက်စေပါသည်။ ဆုံးမစကားကို ပိုနားလည်စေပါသည်။
✅
(၄) ဆုံးမချိန် ရွေးချယ်ပါ
အရေးပေါ် ဆူစရာမလိုလျှင် လူကြားထဲ အော်ငေါက်မည့်အစား ကလေးနှင့် မိဘ နှစ်ကိုယ်ကြား ငြင်သာစွာ ပြောပြခြင်းကို ကလေးက ပို လက်ခံပါသည်။
✅
(၅) ဆုံးမညွှန်ပြရာတွင် ရိုးရှင်းသော စကားလုံးသုံးပါ။
ကလေးက မိဘပြောတိုင်း နားမလည်ပါ။ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြတ်သားစွာ ပြောပါ။ ဥပမာ "ကားလမ်းကူးရင် မေမေ့ထားပြီး ပြေးမသွားနဲ့နော်"ဟု ပြောမည့်အစား "ကားလမ်းကူးရင် မေမေ့လက်ကိုကိုင်ထားနော်"ဟု ပြောနိုင်သည်။
✅
(၆) စည်းကမ်းမများလွန်းပါနှင့်။
မလိုအပ်ဘဲ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ စသော "မလုပ်ရ" များ များလွန်းလျှင် ကလေး မမှတ်မိပါ။ "မလုပ်ရ" ကြားလွန်းသော ကလေးက "မလုပ်ရ" ဆိုသော စကားလုံးကို ထုံသွားလိမ့်မည်။ အရေးကြီးသော စည်းကမ်းများကို ရွေးချယ်ပါ။
✅
(၇) မိမိစည်းကမ်းကို မိမိမလျော်ပစ်ပါနှင့်။
လိုအပ်၍ ထားသောစည်းကမ်းတစ်ခုကို ချမှတ်ပြီးလျှင် အလျှော့မပေးပါနှင့်။ ဥပမာ သကြားလုံး နေ့တိုင်းမစားရဘူးဟု သတ်မှတ်ထားပြီးမှ ကလေးဂျီကျပြီးတောင်းတိုင်း ထုတ်ကျွေးလျှင် စည်းကမ်းဖောက်ခြင်းကို လမ်းပြသလိုဖြစ်မည်။
✅
(၈) တာဝန်ယူခိုင်းပါ။
အရွယ်ပေါ်မူတည်၍ တာဝန်ပေးခြင်းက ကလေးကို မိသားစုအတွက် အရေးပါသောသူတစ်ယောက် အဖြစ် ခံစားစေသည်။ ဥပမာ ၃ နှစ်အရွယ်ကလေးကို ဆော့ပြီးသော အရုပ်များကြမ်းပြင်မှ ကောက်၍ ပုံးထဲ ပြန်ထည့်စေသော အကျင့်ရှိစေခြင်းဖြင့် ကလေးက အိမ်ရှင်းလင်းရေးတာဝန်အချို့ကို သူလုပ်နိုင်ကြောင်း စိတ်ခွန်အား တက်စေသည်။
✅
(၉) ကလေးကို မကြာခဏ ပျော်ရွှင်စေပါ။
မိဘက ကလေးကို ပျော်ရွှင်စေရန် အချိန်ပေးခြင်း၊ အတူကစားခြင်းတို့က ကလေးကို အကောင်းမြင်စိတ်ရှိစေပြီး မိဘစကားကို ပိုနားထောင်စေပါသည်။ ကလေးက မိဘကို ကြောက်စရာကောင်းသောသူဟု မမြင်၍ မိဘဆုံးမလျှင် ပိုနားဝင်ပါသည်။
✅
(၁၀) ကတိတည်ပါ။
မိဘက ကလေးအပေါ် ကတိသေးသေးဖြစ်ဖြစ်ကြီးကြီးဖြစ်ဖြစ် ပေးပြီးလျှင် ဖြစ်အောင်လုပ်ပေးပါ။ သို့မှသာ ကလေးက မိဘကို လေးစားခြင်း၊ ယုံကြည်ခြင်းရှိပြီး ကတိတစ်ခုကို အလေးအနက်ထားတတ်မည်။
✅
သားသားမီးမီးတို့ မိဘစကား နားထောင်အောင် ဆုံးမပျိုးထောင်ရာတွင် အထက်ပါ (၁၀) ချက်ကို သတိရစေလိုပါသည်။
နေနေမိုးဆွေ (Child Health Myanmar)
Photo Credit to Google Images #naynaymoeswe

Comments
Post a Comment