“ဗလငါးတန်နှင့် အခြေခံ အဆောက်အအုံ”



ဗလငါးတန်နှင့် အခြေခံ အဆောက်အအုံ

ကိုစောနောင်ကား ဂျာနယ်များ၊ သတင်းစာများတွင် စာတိုပေစများ ရေးသားသကဲ့သို့ အလျဉ်းသင့်သလို သူ ရေးထားသည့်စာများကို စုပေါင်းကာ စာအုပ်လည်း ထုတ်ဖူးသည်။ ထို့ကြောင့် သူ့ကိုအချို့က စာရေးဆရာဟုလည်း ခေါ်ကြ၏။ သူ အဓိက ဇောင်းပေးရေးသားသည့် အကြောင်းရာကား လူငယ်လူရွယ်များ စိတ်ဓာတ်တက်ကြွကာ ဘ၀ကို အရှုံးမပေးရေးဘက်မှ ရပ်တည်ရေးသားလေ့ရှိသည်။ သူ့ဇာတ်ကောင်များသည် မဟာဇနက္ကကို စံထားသူများဖြစ်ကြလေ၏။ တစ်နေ့က သူသည် အစ်ကိုဝမ်းကွဲတော်သူ ပန်းထိမ်ဆရာကြီး ဦးလှရွှေထံ အလည်သွားခဲ့၏။ သူ့အစ်ကိုက သူ၏ဧည့်ခန်းတွင် ရောက်နေသော ညီတော်မောင်ကို ယခုကဲ့သို့ မေးလေ၏။

“မင်းက တက်ကျမ်းလိုလို ဘာလိုလို စာတွေ ရေးနေတယ်ကြားတယ်။ ငါတို့လည်း ငယ်ငယ်က ဆရာကြီးပီမိုးနင်းတို့၊ ဘာတို့ဖတ်ခဲ့ဖူးပါတယ်။ နောက်ပိုင်း မင်းတို့ခေတ်မှာ ပေါ်လာတဲ့ စာရေးဆရာသစ်တွေရေးတဲ့ စာတွေလည်း ကြုံရင်ကြုံသလို ဖတ်တာပဲ။ ဒီစာမျိုးက ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့…” ဟုဆိုပြီး စကားကိုရပ်ထားသဖြင့် သူသည် သူ့အစ်ကို ပန်းထိမ်ဆရာက ဘာဆက်ပြောမလဲဆိုသည်ကို နားစွင့်နေလေ၏။ မျက်လုံးများကလည်း သူ့အစ်ကိုကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။ သူ့အစ်ကိုထံမှ စကားက တော်တော်နှင့် ထွက်မလာသောကြောင့် သူသည် သိလိုဇောဖြင့် ယခုလို မေးလိုက်လေသည်။

“ဒါပေမဲ့ ဘာဖြစ်လဲ အစ်ကို ဆက်ပြောပါဦး” “ဘာဖြစ်လို့လဲဆိုတော့ မောင်စော နောင်ရေ အခြေအနေ အချိန်အခါကြောင့်လား၊ ခေတ်ကြောင့်လားဆိုတာတော့ မင်းကိုယ်တိုင်ပဲ သုံးသပ်ပါ။ ဒါက မင်းတို့ စာရေးဆရာတွေရဲ့ အလုပ်လေ။ အစ်ကို မြင်တာကတော့ ဒီစာတွေဖတ်ပြီး ခဏချင်း စိတ်ဓာတ်တက်ကြွလာပေမယ့် အဲဒီတက်ကြွလာတဲ့ စိတ်ဓာတ်အတွက် လုပ်စရာလုပ်ကွက်က မရှိတော့ တက်လာတဲ့စိတ်ဟာပျက်သွားပြီး မသေချာ မရေရာတဲ့ အနာဂတ်ကို သွားနေတဲ့လူငယ်တွေကို ငါ မြင်နေ၊ တွေ့နေရလို့လေ”။ အစ်ကိုပြောသည့် စကားများက မမှားပါ။ သို့သော် အောင်မြင်ကြီးပွားချင်သော အခြေခံစိတ်ဆန္ဒရှိသူတစ်ဦးအတွက် တက်ကြွသော လုံ့လ၀ီရိယ မလိုအပ်ပြီလော။ ထို တက်ကြွစိတ်၌ ယုံကြည်ချက် ထပ်ဆောင်းကာ လိုရာခရီးသို့ မဆုတ်မနစ်သော ဇွဲဖြင့် လှမ်းတက်သော် မရောက်နိုင်သော လမ်းဟူ၍ရော ရှိဖူးလေသလော။ ထို့ကြောင့် သူ့အစ်ကိုအား သူက ပြန်လည်မေးခွန်းထုတ်လိုက်၏။

“တက်ကြွတဲ့စိတ်ကို အခြေပြုပြီး ၀ီရိယနဲ့ပေါင်းစပ်မှ အောင်မြင်မှုဆိုတာ ရရိုးမဟုတ်လား အစ်ကို။ တက်ကြွပြီး အလုပ်လုပ်စရာ မရှိဘူးဆိုတာကတော့ ကျွန်တော်တို့ခေတ်ရဲ့ ချွတ်ယွင်းချက်တစ်ခုပဲ။ ဒါကို ကျွန်တော် လက်ခံတယ်။ ဒါပေမဲ့ စိတ်ဓာတ်ပိန်ချုံးနေတဲ့ လူငယ်တွေအစား တက်ကြွနေတဲ့လူငယ်တွေ ဖြစ်လာဖို့ ကျွန်တော်တို့ ဇောင်းပေးရေးနေတဲ့ စာမျိုးလည်း လိုအပ်နေမယ်လို့ ကျွန်တော်ထင်တယ် အကို။ ကျွန်တော် ပြောတာ မှားများ မှားသွားလေမလား”

“မှားတော့ ဘယ်မှားပါ့မလဲကွ။ ဒါပေမဲ့ ငါတို့လူမျိုးရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားရဲ့ အဆုံးအမကိုယ်တိုင်က အောင်မြင်ချင်ရင် ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါး မျှရမယ်လို့ ဆိုထားတယ်မဟုတ်လား။ ၀ီရိယ တစ်ခုတည်းကို အသားပေးပြီးများ ပြောထားတယ်လို့များ မင်းထင်သလား။ ဒါပေမဲ့ ဒီလိုရှိတယ်ကွ။ မင်းသိတဲ့အတိုင်း ငါကိုယ်တိုင်လည်း ကိုယ့်လုံ့လ၀ီရိယနဲ့ အောက်ခြေကနေ ဒီဘ၀ကို ဖြည်းဖြည်းချင်း တက်လှမ်းလာတာလေ။ ဒီနေရာမှာ ဒီကနေ့ လူငယ်လေးတွေ နားလည်နေတဲ့ ၀ီရိယနဲ့ ငါကိုယ်တိုင် ကျင့်သုံးခဲ့တဲ့ ၀ီရိယ နည်းနည်းမတူကွဲပြားနေလို့ဟေ့”

“ဒီလိုဆိုရင်ဖြင့် ကျွန်တော် အရမ်းကို စိတ်ဝင်စားသွားပြီ အစ်ကိုရေ။ ကျွန်တော့်ကို ပြောပြပါဦး” ဟု တောင်းဆိုလိုက်သောကြောင့် အကိုဖြစ်သူ ပန်းထိမ်ဆရာကြီးက သူ့အတွေး သူ့အမြင်ကို ဤသို့ဤပုံ ပြောပြလေ၏။
 စာအုပ်ဖတ်ကြတယ်
“ဒီလိုကွ ငါ့ညီရ။ ငါတို့ မဆလခေတ်ကကွာ၊ ချမ်းသာတယ်ဆိုတဲ့ လူတွေကို ကြည့်လိုက်ရင် များသောအားဖြင့် ၀ိသမလောဘသမားတွေ များပါတယ်။ ဘိန်းဖြူရောင်းတဲ့ သူနဲ့ မှောင်ခိုချတဲ့သူနဲ့။ ပြောရရင်ကွာ သမ္မာ အာဇီဝနည်းနဲ့ ချမ်းသာတဲ့လူဆိုတာ အရှားသား။ အေး ငါလည်း အောင်မြင်ချင်လို့၊ ချမ်းသာချင်လို့ တောကနေ မြို့တက်ပြီး အလုပ်လာလုပ်တာလေ။ ဒါပေမဲ့ကွာ ဒီလို နည်းတွေနဲ့တော့ ငါ မချမ်းသာချင်ဘူးဟ။ ဒါဖြင့် ဘာလုပ်ရမလဲ။ ငါတို့ခေတ်က ဒီခေတ်နဲ့ ကွာတာက စာအုပ်ဖတ်ကြတယ်။ အခုခေတ်ကတော့ စာအုပ် မဖတ်ကြတော့ဘူး။ စာပွတ်ကြတယ်။
ဟုတ်တယ်မဟုတ်လား။ ငါလည်း ဘ၀တက်လမ်းတို့၊ အောင်မြင်ရေးလမ်းညွှန်တို့ စုံနေတာပဲဟေ့။ ငါတို့က ဖတ်ပြီး ဒီအတိုင်းတော့ မထားဘူးဟ။ ဖတ်ထားတဲ့စာတွေကို ပြန်စဉ်းစားတယ်။ သုံးသပ် ဝေဖန်တယ်။ အချင်းချင်း ပြန်ပြောပြီး ဆွေးနွေးကြတယ်။ ဒီလိုနဲ့ ဟိုဆရာကြီးရေးတာ ဖတ်၊ ဒီ ဆရာကြီး ရေးတာ ဖတ်ရင်း ခေါင်းထဲမှာ ဒိုင်းကနဲ တစ်ချက်ဆောင့်ပြီး ပေါ်လာတာက ငယ်ငယ်က ငါတို့ရွာက ငယ်ဆရာ သင်ပေးခဲ့တဲ့ ဗလငါးတန်ဆိုတာ ပေါ်လာတယ်ကွ။ အဲဒီမှာ ငါလည်း ငါ့ဘာသာငါ သုံးသပ်တာပေါ့လေ။ ငါ့မှာ ဗလငါးတန်ထဲက ဘယ်နှစ်တန်များရှိသလဲ။ ဆိုတော့ သေချာတာတစ်ခုကတော့ ငါဟာ ဆရာကောင်း၊ သမားကောင်းဆီက ပန်းထိမ်ပညာကို ကောင်းကောင်းသင်ယူ ဆည်းပူးထားပြီးပြီ။ ကျွမ်းကျင်တတ်မြောက်ထားပြီ။ ဒါကြောင့် ဥာဏဗလ ငါ့မှာ ရှိပြီးပြီ။ ဒါဖြင့် ကျန်တဲ့လေးတန်ကရောဆိုတော့ ကာယဗလအနေနဲ့ ကျန်းမာရေးကောင်းတယ်။ စာရိတ္တဗလဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်လို့ ငါ့ကိုယ်ငါ ယုံတယ်။ ဒါဖြင့် နောက်နှစ်ခုပဲ ကျန်တော့တယ်။ ဘောဂဗလနဲ့ မိတ္တဗလ။ ဗလငါးတန်ထဲက နှစ်တန်က ကိုယ့်ဘက်က တည်ဆောက်ရတဲ့အရာ။ ကျန်တဲ့ နှစ်ခုက အပြင်ကနေ ငါ့ဘ၀ထဲ ပေါင်းထည့်ရမယ့်အရာ။ ဒါကို ငါရအောင် လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုပြီး ကိုယ့်ဘာသာ မေးခွန်းထုတ်တယ်။ အဖြေက ရနိုင်တယ်လို့ ထွက်တယ်။
မင်း စဉ်းစားကြည့်လေ၊ ပန်းထိမ်သမား ဆိုတာ ရတနာကို ကိုင်တွယ်ပြီး နေ့တိုင်း လုပ်နေရသူ။ ဒီအလုပ်တွေကို လာအပ်နေတဲ့လူတွေကလည်း သူဌေးသူကြွယ်တွေ။ သြဇာတိက္ကမကြီးမားသူတွေနဲ့ အဲဒီအသိုင်းအ၀ိုင်းက လူတွေများတယ်ဆိုတော့ ငွေကြေးပြည့်စုံလာဖို့လည်း လမ်းပွင့်လျက်ပဲ။ ဘောဂဗလနဲ့ ဥာဏဗလ ပေါင်းစည်းမိပြီဆိုရင် မိတ္တဗလက ပြည့်စုံလာဖို့ ဘယ်အရာကမှ တားထားလို့ ရမှာမဟုတ်ဘူး။ ဒါကြောင့် ငါ သေချာပေါက် အောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားလိုက်တာကွာ။ နာမည်ကြီး ပန်းထိမ်ဆရာတစ်ယောက်။ ငွေကြေးပြည့်စုံတဲ့ ပန်းထိမ်ဆရာ တစ်ယောက်တော့ ဖြစ်လာပါရဲ့။ ဒါပေမဲ့ကွာ ငါ့ဘ၀က ဒီပန်းထိမ်ဖို အခန်းကျဉ်းလေးထဲမှာပဲ အပ်ထည်ပေါင်းများစွာနဲ့ ပိနေတဲ့ ပန်းထိမ်ဆရာကြီးတစ်ယောက်သာ ဖြစ်ခဲ့တယ်ဟေ့။ ဘ၀ရဲ့ ချမ်းသာသုခနဲ့တော့ အဝေးကြီးမှာပဲ ရှိနေခဲ့သေးတယ်ကွာ။
ဆရာတော်ကြီးတစ်ပါး
“ငါ ဆက်ပြောဦးမယ် မင်းကို။ ဒီလိုနဲ့ ငါလည်း နည်းလမ်းသစ်ကို ကြံပြန်တာပေါ့။ လက်ရှိအလုပ်ကို ရပ်ပစ်လိုက်ရအောင်လည်း ငါက ဒီလောက်အထိ ချမ်းသာကြွယ်ဝနေတဲ့ ဦးဘောဂလည်း မဟုတ်ပြန်ဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ ငါ လိုချင်နေတဲ့ လမ်းစကို ဆရာတော်ကြီးတစ်ပါး ဟောတော်မူတဲ့ တရားခွေ တစ်ခွေထဲက ရခဲ့တယ်ဟေ့”

“သိပ် အံ့သြဖို့ကောင်းတယ်။ အဲဒီမှာ ဆရာတော်က ဘယ်လို ဟောပြောသလဲဆိုတော့ လူတွေဟာတဲ့။ လုံ့လ၀ီရိယ စိုက်ရမယ်။ ကြိုးစားရင် ဘုရားတောင်ဖြစ်တယ်ဆိုပြီး ကိုယ်လိုချင်တဲ့အရာအတွက် ကြားဖူးနားဝရှိတဲ့ နည်းလမ်းဟောင်းတွေကို ယုံကြည်ချက်အဖြစ် စွဲကိုင်ပြီး ချီတက်နေကြရင်း လိုရာခရီး ပန်းတိုင်ကို မရောက်ဘဲ လမ်းတစ်ဝက်မှာ ဘ၀ပျက်ကြသူတွေ၊ ရှုံးနိမ့်သူတွေအဖြစ်ကို ရောက်သွားကြတာ ဒုနဲ့ဒေးတဲ့ကွ။ အတိတ်ကရော ပစ္စုပ္ပန်မှာရော အများကြီးပဲတဲ့။ နောင် အနာဂတ်မှာလည်း ရှိနေဦးမှာတဲ့ဟ”

“တကယ်တော့ ၀ီရိယဆိုတဲ့ ပါဠိစကားလုံးကို ခွဲခြမ်းစိတ်ဖြာလိုက်ရင် ၀ီရနဲ့ ဤယ ဆိုပြီး စကားလုံးနှစ်လုံး ဖြစ်သွားတယ်တဲ့။ ၀ီရဆိုတာက ရဲရင့်ခြင်းကို ဟောသတဲ့။ ဤယ ကတော့ ဥာဏ်ပညာနဲ့ ဆင်ခြင်ပြီး အောင်မြင်နိုင်တယ်ဆိုတာကို သေသေချာချာ စိတ်ချရတဲ့လမ်းကို မဆုတ်မနစ်သော ဇွဲနဘဲနဲ့ လျှောက်လှမ်းတာတဲ့ဟေ့။ အဲဒီမှာ ငါလည်း သဘောပေါက်သွားပြီး ငါ့ဘ၀ကို ပြောင်းလဲပစ်နိုင်မယ့် အလုပ်သစ်ကို ချက်ချင်း ရွေးချယ်လိုက်တယ်။ မြန်မာနိုင်ငံမှာ ဘယ်သူမှ စတင်မလုပ်သေးတဲ့ အရောင်တင်လုပ်ငန်းကို ပြောင်းလုပ်လိုက်တယ်။ ငါ့မှာက အောင်မြင်ရာ အောင်မြင်ကြောင်းအတွက် စွမ်းအင်တွေဖြစ်တဲ့ ဗလငါးတန်က ရှိထားနှင့်ပြီမဟုတ်လား။ ဒါကြောင့် ငါ အခုလို လူတန်းစေ့ပြီး လူတစ်လုံးသူတစ်လုံး ဖြစ်လာတာဟေ့။
လောကဓံတရား
အစ်ကိုဖြစ်သူ ပန်းထိမ်ဆရာကြီးဆီမှ အပြန်လမ်း၌ ကိုစောနောင်၏ ဦးခေါင်းထဲတွင် အတွေးပေါင်းစုံ ၀င်လျက်ရှိ၏။ သူသည်လည်း သူ့အစ်ကိုနည်းတူ ကျေးလက်တောရွာမှ ရန်ကုန်သို့ ချီတက်ခဲ့သူပင်မဟုတ်လား။ သူ့အစ်ကိုနှင့် မတူသည်က သူသည် နိုင်ငံရေး လမ်းကြောင်းထဲတွင် ပါဝင်ပတ်သက်ခဲ့သဖြင့် သူ့အစ်ကိုနှင့်မတူသော လောကဓံတရားများကို ဖြတ်သန်းခဲ့ရဖူးသည်။

တစ်ချိန်က သူ့ကို အများက နိုင်ငံရေးသမားဟု ခေါ်ဝေါ်သမုတ်ကြ၏။ ယခုခေတ်ပြောင်းသွားချိန်တွင်တော့ သူတို့ကို နိုင်ငံရေးသမားဟု မခေါ်ကြတော့ပြီ။ အချင်းချင်းကြားမှာ သုံးစွဲကြသည်ကတော့ သစ်ခုတ်သမား ဟူသတတ်။ မည်သို့ပင်ဖြစ်စေ သူတို့ ခေါင်းထဲတွင်ကား စဉ်းစားလိုက်တိုင်း နိုင်ငံနှင့်ချီပြီး စဉ်းစားလေ့ရှိသောကြောင့် ယခုလည်း သူသည် အပြန်လိုင်းကားပေါ်တွင် ကမောက်ကမနိုင်လှသော လက်ရှိအခြေအနေကို စိတ်ဘ၀င်မကျစွာ တွေးနေ၏။

ငါတို့တွေရဲ့ နုပျိုမှုအားလုံးကို ပေးဆပ်ခြင်းက ရလာတဲ့ရလဒ်က ဘာတွေဖြစ်ကုန်ကြပြီလဲ။ ငါတို့ တိုက်ပွဲဝင်ခဲ့တာဟာ ဒီတစ်တိုင်းပြည်လုံးက ချစ်သူရော မုန်းသူပါ ဒီမိုကရေစီ အမိုးအောက်မှာ ကောင်းမွန်စွာ နေထိုင်ဖို့ပဲမဟုတ်လား။ ခုတော့ ဒီလိုဖြစ်မလာဘဲ နေရာတကာမှာ ကျွတ်စိကျွတ်စိနှင့် ညံနေတာဟာ ဘာကြောင့်လဲ။

တကယ်တော့ တိုင်းပြည်တစ်ခု အပြောင်းအလဲသည် တန်ခိုးရှင်က ဖန်ဆင်းသလို ဥုံဖွလုပ်လို့ရတာမှ မဟုတ်ပဲ။ အောင်မြင်မှု အထွတ်အထိပ်ကို ရောက်နေသည့် နိုင်ငံများကို အသာထား။ မိမိတို့ကဲ့သို့ ၁၉၉၀ ၀န်းကျင်တွင် အာဏာရှင်စနစ်ကို ဖြိုချခဲ့ပြီး ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့သည့် နိုင်ငံတိုင်းက မောက်ကမ အိုးနင်းခွက်နင်းဖြစ်ကြတာချည်းပါ။ သို့သော် သူတို့ကား ထိုကာလကို စိတ်ရှည်သည်းခံကာ ဖြတ်ကျော်နိုင်ခဲ့ကြသည်ပင် မဟုတ်ပါလား။
ဆန္ဒပြမှု၊ အုံကြွမှုများ
ထို့ပြင် ထူးခြားသည်တစ်ခုက အာဏာရှင်စနစ်ကို မပယ်ဖျက်ဘဲ စီးပွားရေးနှင့် ပညာရေးကို လွတ်လပ်ခွင့်ပေးခဲ့သည့် အချို့သော နိုင်ငံများသည် အရှိန်အဟုန်နှင့် ကမ္ဘာ့ထိပ်တန်းကို ထိုးတက်လာနေသည်မှာ အထင်အရှားပင် မဟုတ်ပါလား။ သို့ဆိုလျှင် အရေးကြီးသော မေးခွန်းတစ်ခု ခေါင်းထဲတွင် ဘွားခနဲ ပေါ်လာသည်။ သူတို့က ဘာကို အရင်ဦးဆုံး တည်ဆောက်ခဲ့ကြလေသနည်း။ ထိုအရာကား သော့ချက်ကျလှ၏။ ရလာသောအဖြေက အဆိုပါ နိုင်ငံများသည် အခြေခံ အဆောက်အအုံဟုဆိုသော Infrastructure ကိုအား ကြိုးမာန်တက် ခိုင်ခံ့အောင် တည်ဆောက်ခဲ့ကြသည်ဟု ဖြစ်၏။ ပြည်သူလူထုဆိုသည်မှာ မိမိတို့ဘ၀ အခြေခံ လိုအပ်ချက်ဖြစ်သော စားဝတ်နေရေးဖူလုံပါက စိတ်ချမ်းသာတတ်ကြသည်ချည်းပင်။ ထိုအခြေခံလိုအပ်ချက် ဖူလုံရေးမပြည့်စုံမှုကို အကြောင်းပြု၍သာ များသောအားဖြင့် ဆန္ဒပြမှု၊ အုံကြွမှုများ ပြုလုပ်တတ်ကြသည် မဟုတ်လား။

အခြေခံအဆောက်အအုံဆိုသည့် စကားရပ်ကား ကျယ်ဝန်းလှဘိသည်။ သူ ငယ်စဉ်က ဘောဂဗေဒဘာသာရပ်တွင် ထိုစကားရပ်ကို သင်ယူကျက်မှတ်ဖူးရာ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်၊ ဘဏ်လုပ်ငန်းနှင့် ဆက်သွယ်ရေးတို့ ပါဝင်နေကြောင်း မှတ်မိနေသည်။

ထိုစဉ်က ယင်းစကားရပ်၏ အတိမ်အနက်ကို ကျကျနန မသိသော်ခဲ့သော်လည်း ယခုအခါ ထိုအခြေခံ အဆောက်အအုံသည် တိုင်းပြည်တစ်ပြည်ကြီးပွားဖို့ အလွန်တရာ အရေးကြီးကြောင်း ကောင်းစွာသိလာခဲ့ပါပြီ။ ထို့အတူ လူတစ်ဦးချင်းစီအတွက် လည်းကောင်း၊ စီးပွားလုပ်ငန်းအတွက်လည်းကောင်း မရှိမဖြစ် လိုအပ်ချက်လည်း ဖြစ်သည်။ ထို အခြေခံအဆောက်အအုံကို ခိုင်ခံ့အောင် ဆောက်လုပ်နိုင်ဖို့က အရေးတကြီး လိုအပ်သောအရာဖြစ်ကြောင်း သူ ကောက်ချက်ချသည်။ အဘယ့်ကြောင့် ထိုသို့ အသက်တမျှ အရေးကြီးသော အလုပ်ကို မလုပ်နိုင်ကြသနည်းဟု ထပ်တွေးသောအခါ မိမိတို့နိုင်ငံသည် ဗလငါးဖြာ ချည့်နဲ့နေသောကြောင့်ဟု သူ့စိတ်ထဲတွင် ရှင်းခနဲ မြင်လာလေ၏။
ဒေါင်ဒေါင်မြည်ပြည့်စုံဖို့
သေချာသည်ကတော့ ပြန်လည်တည်ဆောက်ချိန်ဆိုသည်မှာ ယစ်မူးသာယာရမည့် ကာလမဟုတ်။ မိမိတို့၏ လိုအပ်ချက်များကို ကျားကုပ်ကျားခဲ အားမာန်ဇွဲနှင့် တည်ဆောက်ရမည်သာ ဖြစ်သည်။ အာလူးများများပေးပြီး ရလဒ်အချည်းအနှီး ထွက်စေမည့် အနှစ်မဲ့ အလုပ်များဖြင့် အချိန်ကုန်မခံကြစေလိုပါ။ တိုင်းပြည်ကို ဦးဆောင်မည့် ပြည်သူ့ကိုယ်စားလှယ်များသည် ဗလငါးတန်နှင့် ဒေါင်ဒေါင်မြည် ပြည့်စုံဖို့လိုသလို ထိုသူများကို ရွေးချယ်ပေးကြမည့် တိုင်းသူပြည်သားများကလည်း မိမိအထွာနှင့် ထိုက်တန်သလောက်သော ဗလများရှိကြရပေမည်။

ထို့ကြောင့် တိုင်းပြည်တစ်ပြည် တိုးတက်ဖို့နှင့် စနစ်တစ်ခု တည်မြဲဖို့အတွက် အရေးကြီးသည်မှာ အခြေခံအဆောက်အအုံဖြစ်သကဲ့သို့ ထိုအဆောက်အအုံပေါ်တွင်အပေါ် ထပ်အဆောက်အအုံများကို ဆက်လက် တည်ဆောက်ကြမည့် တိုင်းသူပြည်သားများနှင့် အုပ်ချုပ်သူများမှာလည်း ဗလငါးတန် ပြည့်စုံမှသာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစရာ အကြောင်းရှိသည်ဟု ယုံကြည်မိပေသည်။

share from ဌေးဝင်း/eleven news

Comments

Popular Posts

"ကျွန်းကြီးလေးကျွန်း"

"မြင်းမိုရ်"

သေခြင်းကောင်းသော ဘ၀၊ လားရာကောင်းသော ဂတိ

"သီတဂူဆရာတော် ဘုန်းကြီးတယ်"ဆိုတာ