"စိတ်နှလုံးရွှင်လန်းစေဖို့" - ဆရာတော်ဦးဇောတိက စာအုပ်မှ ကောက်နုတ်ဖော်ပြချက်




#ကိုယ့်ခံစားချက်ကို ကိုယ်နားလည်တာဟာ အလွန်အဆင့်မြင့်တဲ့
ပညာရေးဖြစ်တယ်။
.....
#ငြိမ်းချမ်းနေတဲ့စိတ်
နေ့စဉ် ကိုယ့်စိတ်ကိုယ်သိတဲ့ အကျင့်ကို လုပ်ရမယ်
အဲဒါ အရေးကြီးဆုံးအချက်ပဲ။ အတတ်နိုင်ဆုံး ကိုယ့်စိတ်ထဲမှာ
တွေးနေတဲ့ အတွေးတွေကို သိနေဖို့လိုတယ်။ အတွေးတွေကို
ဘေးကနေ ထိုင်ကြည့်နေသလို ကြည့်နိုင်ရင် ကြည့်နေတဲ့စိတ်က
အတွေးနဲ့ရောပြီး ပါမသွားဘူး။ အဲဒီလောက် လုပ်နိုင်ရင်ပဲ
သိတဲ့စိတ်နဲ့ တွေးတဲ့စိတ် တခြားစီဖြစ်သွားပြီ အဲဒီအဆင့်ဟာ
လွတ်လပ်မှုရဲ့ ပထမခြေလှမ်းဖြစ်တယ်။ သိနေတဲ့စိတ်ဟာ
လွတ်လပ်နေတဲ့စိတ် ဖြစ်တယ်။
အလေ့အကျင့်များလာရင် သိပြီးတော့ ရှင်းနေတဲ့စိတ်
အေးချမ်းနေတဲ့စိတ်ကို တစ်ခါတလေ ရလာမယ်။ ပိုပြီးတော့
အလေ့အကျင့် လုပ်ရင်တော့ အချိန်မရွေးစိတ်ကိုသိပြီး
ရှင်းနေအောင်ထားလို့ ရလာမယ်။ အဲဒီလို သိပြီးတော့
ရှင်းနေတဲ့စိတ်နဲ့ တစ်နေ့မှာ ငါးမိနစ်လောက် နေနိုင်တယ်ဆိုရင်ပဲ
အဲဒီ ရှင်းနေတဲ့စိတ်၊ ငြိမ်းချမ်းနေတဲ့စိတ်က ကိုယ့်စိတ်ကို
အလွန်ကြီး ရှုပ်မသွားအောင် ပူမသွားအောင် ထိန်းပေးထားသလို
ဖြစ်တယ်။ မကြာမကြာ အဲဒီလိုစိတ်နဲ့ နေနိုင်ရင်တော့ စိတ်ရှင်းပြီး
အေးအေးချမ်းချမ်း နေလို့ရလာမယ်။ လုပ်စရာရှိတာတွေကို
အဲဒီစိတ်နဲ့ပဲ လုပ်သွားလို့ရမယ်။ ကိုယ့်ဘ၀ဟာ ပိုပြီး အဆင်ပြေမယ်။
.....
#စိတ်ကိုသိနေတဲ့ အလေ့အကျင့် အတွေးတွေကို သိနေတဲ့
အလေ့အကျင့်ကို သေသေချာချာ လေ့ကျင့်ထားရင် စိတ်ထဲမှာ
အတွေးတွေ ရှုပ်လာတဲ့အခါ အဲဒါကို သိမယ်၊ သေသေချာချာ
သိရင် ရှင်းလို့ရတယ်။ စိတ်ရှင်းရှင်းနဲ့ နေတတ်ရင် လုပ်သင့်တာတွေ
ပိုလုပ်နိုင်တယ်၊ မလုပ်သင့်တာတွေကို မလုပ်တော့ဘူး၊ မတွေး
သင့်တာတွေကိုလည်း မတွေးတော့ဘူး။ အဲဒီလိုနေနိုင်ရင်
ကိုယ့်ဘ၀မှာ အဆင်ပြေတာတွေ များလာမယ်။ ကိုယ့်ဘ၀ဟာ
ကိုယ့်လက်ထဲမှာ ရှိမယ်။
.....
#စိတ်ကို သေသေချာချာ ကြည့်တတ်အောင် လေ့ကျင့်ပါ၊ အတွေး
တွေကို သေသေချာချာ ကြည့်ပါ။ ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့၊
သိဖို့ပဲ ကြိုးစားပါ။ ကိုယ့်စဉ်းစားပုံ တွေးပုံ လွဲနေတာကို မြင်အောင်
ကြည့်ပါ။
.....
#ရေရှည်မှာ ထိထိရောက်ရောက် သက်သာမှုရချင်ရင် စိတ်ချမ်းသာချင်ရင် စိတ်ကို သိနေတဲ့ အလေ့အကျင့် လုပ်မှဖြစ်မယ်။
သတိရတိုင်း သတိနဲ့ နေတဲ့ အကျင့် လုပ်မယ်ဆိုရင် တဖြေးဖြေးစိတ်က ပစ္စုပ္ပန်မှာ အနေများ လာပြီးတော့ အခုလုပ်နေတာကို သိနေမယ်။ အခုတွေးနေတာကို
သိနေမယ်။ တစ်ခါတလေ ဘာမှမတွေးပဲ စိတ်ထဲမှာ တိတ်ပြီး
အေးချမ်းနေမယ်။ ဒီလိုစိတ်ကိုပိုသိလာတဲ့အခါ တွေးစရာရှိလို့ တွေးတဲ့အခါ စဉ်းစားတဲ့အခါမှာလည်း စနစ်တကျတွေးလို့ရတယ်။ အတွေးတွေ ဟိုရောက်ဒီရောက် မဖြစ်ဘူး။ တွေးနေတာတောင် သိပြီးတော့ ဆက်တွေး လို့ရတဲ့ အရည်အချင်းမျိုးရလာမယ်။ အဲဒါ တော်တော် အကျိုးများတယ်။
.....
#ဘယ်လောက် အရေးကြီးတဲ့ကိစ္စကို တွေးနေတာ ဖြစ်ပါစေ -
ကြားမှာ ခဏလောက် ဘာမှ မတွေးပဲ စိတ်ကို အနားပေးတတ်တဲ့
အလေ့အကျင့်ကို လေ့ကျင့်ဖို့လိုတယ်။ တစ်နာရီမှာ တစ်မိနစ်လောက်
အေးချမ်းတဲ့စိတ်နဲ့ နေနိုင်တယ် ဆိုရင်ပဲ ဒီလူဟာ စိတ်အခြေအနေ
ပုံမှန်နေလို့ ရနိုင်တယ်။ စိတ်ကြည်လင်မှု နဲနဲရအောင် နေလို့ရတယ်။
.....
#စိတ်ကို သိနေတဲ့အခါ စိတ်က နှိတ်စက်တာ မခံရဘူး။
.....
#ကိုယ့်အတွေးတွေကို ကြည့်တတ်ရင် အတွေးထောင်ချောက်ထဲက
လွတ်နိုင်တယ်။
သက်သာဖို့အရေးမှာ အရေးအကြီးဆုံး အချက်တစ်ချက်က ကိုယ့်စိတ်
ချမ်းသာအောင် ဇွဲကောင်းကောင်းနဲ့ ရေရှည်ကြိုးစားချင်တဲ့
ဆန္ဒပြင်းပြမှု ရှိဖို့ပဲ။
.....
#အဆိုးမြင့်တတ်တဲ့သူဟာ ဒီလိုအဆိုးမြင်တာမှ
သဘာဝကျတယ်လို့ ထင်တတ်တယ်။
အဆိုးမြင်တာမှ အမှန်အတိုင်း မြင်တာလို့ ထင်တတ်တယ်။
ဘ၀မှာ တစ်ခါတလေ အကောင်းဖြစ်တာရှိတယ်၊
တစ်ခါတလေ အဆိုးဖြစ်တာ ရှိတယ်။
ရာသီဉတုလိုပဲပေါ့ အဆိုးဖြစ်ပြီးရင်လည်း အကောင်းပြန်ဖြစ်တာပဲ။
တစ်ခါတလေ အဆိုးထဲက အကောင်း ပြန်ထွက်လာတတ်သေးတယ်။
အဆိုးနဲ့ကြုံလိုက်ရလို့ အကြံဉာဏ်တွေရပြီးတော့ ကောင်းတာကို
လုပ်နိုင်တဲ့သူ ဖြစ်သွားတယ်။
အကောင်း အဆိုး နှစ်မျိုးလုံးကို နားလည်လက်ခံပြီး ခံနိုင်ရည်ရှိမှ
ပိုပြီး ရင့်ကျက်တဲ့သူဖြစ်မယ်။ အဆိုးနဲ့ လုံးဝ မကြုံဘူးတဲ့တသူဟာ
ပိုပြီး ရင့်ကျက်လာဖို့ရာ မလွယ်ဘူး။ အမှန်တော့ ဘ၀နဲ့ ပတ်သက်ပြီး
အလေးနက်ဆုံး အသိဉာဏ်ကို အဆိုးနဲ့ကြုံရပြီး ဒီအဆိုးကို ခံနိုင်ရည်
ရှိပြီးတော့ အဆိုးထဲက အသိဉာဏ်ရပြီး လွန်မြောက်လာတဲ့ သူတွေ
ကမှ ရတယ်။ အဆိုးနဲ့ မကြုံဘူးတဲ့သူ၊ အဆိုးထဲက အသိဉာဏ်
မရတဲ့သူ၊ မလွန်မြောက်ဘူးတဲ့သူဟာ အသိဉာဏ်လေးနက်မှုကို
မရနိုင်ဘူး။
.....
#အဆိုးနဲ့ကြုံရတဲ့အခါမှာ အဆိုးသက်သာပြီးတော့ အကောင်းဘက်ကို
ပြန်ရောက်သွားအောင် ဘယ်လိုလပ်မယ် ဆိုတဲ့ အတွေးမျိုးကို
တွေးသင့်တယ်၊ စဉ်းစားသင့်တယ်။ ငါဘာတွေ လုပ်သင့်သလဲ။
ဘယ်သူနဲ့ တိုင်ပင်သင့်သလဲဆိုပြီး ကိုယ့်ဘက်က နည်းလမ်းရှာနေတယ်၊
လုပ်နေတယ်ဆိုရင် စိတ်ဓာတ်မကျဘူး။
ကောင်းဖို့ နည်းလမ်းမရှာတော့ပဲ လက်လျှော့စိတ်ပျက်ပြီး အဆိုးတွေပဲ တွေးနေရင် စိတ်ဓာပိုကျတယ်။ စိတ်ဓာတ်ကျပြီး
ဘာမှ မလုပ်ပဲနေရင် ကိုယ့်ဘ၀အခြေအနေဟာ ပြန်ကောင်းလာဖို့ မလွယ်ဘူး။
.....
#ရုပ်ကို သိပ်တန်ဘိုးထားတဲ့သူ၊ ငွေကြေး၊ ဂုဏ်၊ အဆင့်အတန်း၊
ရာထူး၊ လူအထင်ကြီးမှု၊ ကျော်ကြားမှု-အဲဒါတွေကို သိပ်တန်ဘိုး
ထားတဲ့သူဟာ ဧကန်မုချ Depression ဖြစ်မယ်။
.....
#ခံစားမှုတွေ လုံးဝ မဖြစ်ရဘူးလို့ မဆိုလိုဘူးနော်၊ ခံစားမှု ဆိုတာလည်း
သဘာဝပါပဲ၊ ဖြစ်စရာအကြောင်းရှိတဲ့အခါ ကိုယ့်ရဲ့ နှလုံးသွင်းမှုပေါ်
မူတည်ပြီးတော့ ဖြစ်တတ်တယ်။ ဉပမာ-ကိုယ့်မိဘ ဆုံးသွားတဲ့အခါ
ဆုံးရှုံးမှုကြောင့်၊ သံယောဇဉ်ကြောင့် ၀မ်းနဲတဲ့စိတ် ပြင်းထန်မယ်။
တဖြေးဖြေးနဲ့ ကိုယ့်စိတ်ကိုကိုယ် ဖြေလို့ရသွားပြီးတော့ လုပ်သင့်တဲ့
ကိစ္စတွေကို ဆက်ပြီး လုပ်သွားနိုင်ရန် ဒါကို ရောဂါလို့ မဆိုနိုင်ဘူး။
လပေါင်းများစွာ မဖြေနိုင် မဆည်နိုင် ဖြစ်ပြီးတော့ ဘာမှမလုပ်နိုင်ရင်တော့ ရောဂါလို့ ဆိုနိုင်တယ်။
.....
#ဘယ်အလုပ်မျိုးလုပ်လုပ် အဲဒီအလုပ်ဟာ ကိုယ့်ရဲ့ အကောင်းဆုံး
အရည်အချင်းတွေကို ဖော်ထုတ်ခွင့် သုံးခွင့်ရတဲ့ အလုပ်မျိုးဖြစ်မှ၊
ဆက်ဆံရေးမှာလည်း ကိုယ့်ရဲ့ အကောင်းဆုံးစိတ်ထားကို ဖော်ပြခွင့်ရမှ၊ ကိုယ့်ရဲ့ လူအပီသဆုံး သဘောထားတွေ မေတ္တာ ကရုဏာတွေကို ဖော်ပြခွင့်ရမှ ကျေနပ်ရနိုင်မယ်။
.....
#ငွေရရုံသက်သက်အလုပ်ဟာ လူ့တန်ဘိုးကို ကျသွားစေတယ်။
ဟန်လုပ်ပြီး ဆက်ဆံရတဲ့ ဆက်ဆံရေးဟာလည်း လူ့တန်ဘိုးကို
ကျသွားစေတယ်။
.....
#ငွေကလွဲလို့ တခြားဘာမှမရတဲ့အလုပ်ကို လုပ်တာဟာ ဘ၀ကို
ရောင်းစားတာနဲ့ တူတယ်။ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့ အကောင်းဆုံး
စိတ်ထားနဲ့ အရည်အချင်းကို ဖော်ပြနိုင်ရမယ်။
.....
#တရားအသိအမြင် လေးနက်လာရင် စိတ်ကြည်လင်အေးချမ်း
နေတယ်။ ကိုယ်ဖြစ်ချင်သလို မဖြစ်ရလို့ စိတ်ဓာတ်ကျတာမျိုး
မဖြစ်ဘူး။ ဟိုဟာလည်း မကောင်းဘူး၊ ဒီဟာလည်းမကောင်းဘူး
ဆိုပြီး ညည်းညည်းညူညူ ပြောနေတာဟာ တရားအသိအမြင်
ရင့်ကျက်လို့ ပြောတဲ့စကား မဟုတ်ဘူး။ စိတ်ဓာတ်ကျနေတာ
ကိုပဲ ဂုဏ်ယူစရာလို့ ယူဆရင် တော်တော်ဒုက္ခကြီးတဲ့ ဂုဏ်ပဲလို့
ဆိုရမယ်။
.....
#ကိုယ့်ဘ၀ဟာ ပုံသေကြီး ရှိနေတာမဟုတ်ဘူး။ ဘ၀ဟာ
မြစ်ရေစီးသလိုပဲ၊ အမြဲတမ်းစီးဆင်းနေတယ်၊ ပြောင်းလဲနေတယ်၊
လှုပ်ရှားနေတယ်။ ဉာဏ်ပါပါ စွဲစွဲမြဲမြဲ ရေရှည် လုပ်သွားမယ်ဆိုရင်
ကိုယ့်စိတ်အခြေအနေတွေ ပြောင်းလာမယ်။
ကိုယ့်ရဲ့ အသိဉာဏ်တွေ ပြောင်းလာမယ်။ သဘောထားတွေ၊
တန်ဖိုးထားမှုတွေ ပြောင်းလာမယ်။ အဲသလို ပြောင်းသွားတဲ့အခါမှာ
ကိုယ့်ရဲ့ ဆက်ဆံရေးတွေ၊ လုပ်ရည်ကိုင်ရည်တွေ ကောင်းလာမယ်။
ကိုယ့်ဘ၀ဟာ အဆင်ပြေလာမယ်၊ စိတ်အားတက်လာမယ်။
အဲသလို ပိုပြီးတော့ ဉာဏ်ပါပါနဲ့ ဘ၀ကို နေသွားတဲ့အခါမှာ
အင်မတန်ကျေနပ်စရာ ကောင်းတဲ့ဘ၀ တစ်ခုကို ရနိုင်မယ်။
အဲသလို ကျေနပ်စရာ ကောင်းတဲ့ဘ၀ကို ရတဲ့အခါ အရင်တုန်းက
ကိုယ်စိတ်ဓာတ်ကျခဲ့တာကို ပြန်တွေးရင် ဟုတ်မှ ဟုတ်ရဲ့လားလို့
တောင် ထင်စရာဖြစ်နေမယ်။ ဒါကြောင့် ငါ့ဘ၀ဟာ ဘာမှ
မကောင်းနိုင်တော့ဘူးဆိုတဲ့ အတွေးမျိုး မတွေးသင့်ဘူး။
အောင်မြင်မှု ကြီးကြီးမားမား ရခဲ့တဲ့သူ တော်တော်များများဟာ
တစ်ချိန်က စိတ်ဓါတ်ကျခဲ့ဘူးတဲ့သူ များပါတယ်။ ကိုယ့်ကိုယ်ကို
ချောင်ပိတ်တဲ့ အတွေးမျိုးတွေကို မတွေးပါနဲ့။
.....
#အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေသွားတဲ့သူတွေ
သိတာ ရှိတယ်။ တချို့ အသက်တစ်ရာနီးပါးလောက် နေသွားတယ်။
အဲဒီလူတွေဟာ အဲဒီအသက်အရွယ်ထိအောင် တတ်နိုင်သလောက်
သူများကို အကူအညီပေးတယ်။ သွားရင်း လာရင်း နှုတ်ဆက်စကား
ပြောတာကအစ စိတ်ချမ်းသာအောင် ပြောသွားတယ်။ သူ့မှာ
ရှိတာလေးနဲ့ ရောက်လာတဲ့သူကို ကျွေးတယ်၊ မွေးတယ်။
ဒါကြောင့် ပရဟိတအလုပ်တစ်ခုခုကို လူတိုင်း လုပ်သင့်တယ်
အများအကျိုးကို မဆောင်ရွက်ပဲနဲ့ ကိုယ့်ဘ၀ကိုကိုယ် ရာနှုန်းပြည့်
ကျေနပ်မှုရအောင် အဓိပ္ပါယ်ရှိအောင်နေလို့ မရနိုင်ဘူး။ ကိုယ့်ဘ၀ကို
တကယ် အဓိပ္ပါယ် ရှိရှိ ကျေကျေနပ်နပ် နေချင်ရင်
ကိုယ်တတ်နိုင်သလောက် အများ အကျိုးကို ဆောင်ရွက်ပါ။
ဒါဘ၀ရဲ့ သဘာဝပဲ။ လူဟာ အားလုံးနဲ့ ဆက်စပ်နေတယ်။
သူ အဆင်ပြေရင် သူ စိတ်ချမ်းသာရင် ကိုယ့်အတွက်
အကျိုးရှိတယ်။ အများအကျိုးကို စေတနာမှန်မှန်နဲ့
ဆောင်ရွက်တဲ့လူဟာ စိတ်ဓာတ်ကျတာ
သိမ်ငယ်တာ သိပ်မဖြစ်ဘူး။
စေတနာ မမှန်ရင်တော့ မရဘူး။
.....
#လူတွေကိုတော့ လေးစားပါ။ ဒါပေမယ့် သူတို့ ဝေဖန်တာတွေ
ကိုတော့ သိပ်ဂရုမစိုက်ပါနဲ့။ ဘာလို့တုန်းဆိုတော့ လူတွေရဲ့
ဝေဖန်ချက်တွေဟာ တဖက်သတ်ဖြစ်နေတာ များတယ်။ တကယ်
မှန်ကန်တဲ့ မြင့်မြတ်တဲ့ အသိဉာဏ်နဲ့ ကြည့်ပြီး မျှမျှတတ
ဝေဖန်နိုင်တဲ့သူဟာ ဒီလောကမှာ အင်မတန်ရှားတယ်။
.....
#ငါက လူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံရင် လူတွေက
လည်း ငါ့ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံမယ်။ ဒါပေမယ့်
အဲဒါ အမြဲတန်းတော့ မဖြစ်နိုင်ဘူး။
ငါက သူတို့အပေါ် စိတ်ကောင်းထားရင် သူတို့ကလည်း ငါ့ပေါ်
စိတ်ကောင်းထားမယ်။ ငါက သူတို့ကို အကူအညီပေးရင် သူတို့
ကလည်း ငါ့ကို အကူအညီပေးမှာပဲ၊ ငါက သူတို့ကို လေးလေး
စားစား ဆက်ဆံရင် သူတို့ကလည်း ငါ့ကို လေးလေးစားစား
ဆက်ဆံမှာပဲလို့ အတိအကျ ပုံသေမှတ်ထားလို့မရဘူး။ ဒီလို
ပုံသေမှတ်ထားတဲ့သူဟာ တစ်ခါတစ်လေ သူ မှတ်ထားသလို
မဖြစ်တဲ့အခါ စိတ်ထိခိုက်တယ်။ ဒါကြောင့် စိတ်ချမ်းသာချင်ရင်
“ အဲဒါ အမြဲတန်းတော့ မဖြစ်ဘူး ” ဆိုတာကို နောက်ဆက်တွဲ
ထည့်ပေးရမယ်။
ကိုယ်က လူတွေအတွက် ကောင်းတာ တစ်ခုခု လုပ်ပေးတဲ့အခါမှာ
လူတွေက အဲဒါကို အမြဲတန်း တန်ဘိုးထားပြီး အသိအမှတ်ပြုရင်
ကောင်းမှာပဲလို့ မျှော်လင့်ကြတယ်။ များသောအားဖြင့်တော့
ကောင်းတာ လုပ်ပေးတာကို တန်ဘိုးထားကြပါတယ်။
အသိအမှတ် ပြုကြပါတယ်။ ဒါပေမယ့် တစ်ခါတလေတော့
တန်ဘိုးမထားကြဘူး။ အသိအမှတ် မပြုကြဘူး။ ဒါကို
နားလည်ထားရင် စိတ်မချမ်းမသာ ဖြစ်ရတာ နဲမယ်။
.....
#နတ္ထိလောကေ အနိန္ဓိတော
လောကမှာ အပြစ်တင်မခံရတဲ့သူ မရှိဘူးတဲ့။
.....
#မေတ္တာစိတ်
နှောင်ကြိုးမပါပဲ၊ ဘာမှပြန်ပြီး မမျှော်လင့်တဲ့ စေတနာနဲ့
အများအကျိုးကို ဆောင်ရွက်နိုင်ရင် အဲဒီ လွတ်လပ်တဲ့ မေတ္တာဟာ
အင်မတန်ကောင်းတဲ့ ဆေးဖြစ်ပါတယ်။
လွှမ်းမိုးချင်တဲ့စိတ်၊ အနိုင်ယူချင်တဲ့စိတ်၊ ကျေးဇူးတင် ခံချင်တဲ့စိတ်
ကျေးဇူးရှင် ဖြစ်ချင်တဲ့စိတ်၊ ကိုယ့်အပေါ်မှာ သံယောဇဉ် ကြီးစေချင်
တဲ့စိတ်နဲ့ သူများကိစ္စတွေကို လိုက်လုပ်ပေးနေရင်တော့ စေတနာ
မမှန်တဲ့အတွက် စိတ်ဆင်းရဲရမယ်။
.....
#ကရုဏာစိတ်
ဒုက္ခရောက်နေတဲ့သူတွေကို ကိုယ်ချင်းစာတယ်၊ ကိုယ်တတ်နိုင်
သလောက် အကူအညီပေးတယ်၊ ကိုယ့်ကြောင့် သူတစ်ပါး
စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်သွားမှာကို လုံးဝ မလိုလားဘူး၊
ကိုယ့်ကြောင့် သူများ ဒုက္ခမရောက်ရအောင် သတိနဲ့ ဥာဏ်နဲ့
ထိန်းသိမ်းမယ်ဆိုရင် အဲဒီ စိတ်စေတနာ မြင့်မားမှုကြောင့်
ကိုယ့်မှာ စိတ်အေးချမ်းတယ်။
.....
#မုဒိတာစိတ်
သူများအဆင်ပြေနေတာ၊ ကြီးပွားနေတာ၊ ပျော်ပျော်ရွှင်ရွှင် နေကြတာ
မြင်ရကြားရရင် မနာလိုဝန်တိုစိတ် မဖြစ်ဘူး၊ ငြူစူ စောင်းမြောင်းပြီး
မပြောဘူး၊ သူတစ်ပါးရဲ့ အဆင်ပြေမှုကို ၀မ်းသာအားရတဲ့စိတ် ဖြစ်
တယ်။ အဲဒီလို မုဒိတာစိတ်ဟာလည်း စိတ်ကျန်းမာရေးအတွက်
ဆေးပါပဲ။
.....
#ဥပက္ခာစိတ်
ကိုယ်တတ်နိုင်သလောက် ကိုယ့်အတွက်ကော အများအတွက်ပါ
အဆင်ပြေအောင် ကြိုးစားပြီးတော့ ကိုယ်မတတ်နိုင်တဲ့ အဆင်မပြေမှု
တွေ တွေ့ရတဲ့အခါ စိတ်မညစ်ပဲ ဥပက္ခာစိတ်နဲ့ နေနိုင်ရင်လည်း
အဲဒီ ဥပက္ခာက စိတ်အတွက် ဆေးဖြစ်ပါတယ်။
.....
#ကိုယ်ပိုင်အသိဥာဏ်
ငါ့ကိုယ့်တွေ့ ငါ့ကိုယ်ပိုင်ဥာဏ်နဲ့ ငါတကယ်သိတာ ဘာရှိသလဲ
ဆိုတာကို လေးလေးနက်နက် မေးသင့်တယ်။ ပြီးတော့ မကြာမကြာ
ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ ကိုယ်သိထားတာတွေကို စူးစမ်း
သင့်တယ်၊ စမ်းစစ်သင့်တယ်။
ဒါကြောင့် “တစ်ယောက်ထဲနေတဲ့အချိန် ငါ့မှာရှိမှ ဖြစ်မယ်” ဆိုတာကို
လေးလေးနက်နက် သဘောပေါက်ဖို့ လိုတယ်။
ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင် ခံစားချက်၊ ကိုယ်ပိုင် စိတ်ကြိုက်
ရွေးချယ်မှု၊ ကိုယ်ပိုင် အသိဥာဏ်ရှိမှ ကိုယ်ပိုင်ဘ၀ ဖြစ်မယ်။
.....
#အစွမ်းအစဆိုတာမရမကညှစ်ထုတ်မှထွက်တယ်
တစ်ယောက်ထဲနေရတဲ့အခါ ကိုယ့်အနားမှာ ကိုယ်က မှီခိုရမည့်သူ၊
အားကိုးရမည့်သူ မရှိတဲ့အတွက် ကိုယ့်အားကိုယ်ကိုးရတယ်။ တစ်
ယောက်ထဲ နေလိုက်တဲ့အတွက် ကိုယ့်အားကိုယ် မကိုးလို့ မဖြစ်
တော့ဘူး။
ဒါကြောင့် ကိုယ့်အစွမ်းအစတွေကို မရမက ထုတ်ရတော့
မယ်။ ကိုယ့်အခက်အခဲတွေကို ကိုယ်ဖြေရှင်းရမယ်။ လုပ်ပေးမယ့်သူ
ရှိနေရင် သက်သာခိုချင်တယ်။ သက်သာရင် အစွမ်းအစ မထွက်တော့ဘူး။ အစွမ်းအစဆိုတာ မရမက ညှစ်ထုတ်မှ ထွက်တယ်။ နှမ်းကနေ ဆီထွက်အောင် ကြိတ်ပြီးထုတ်သလို ထုတ်ရတယ်။
ဒါကြောင့် အစွမ်းအစထွက်ချင်ရင် သူများကို အားမကိုးပဲ
တတ်နိုင်သလောက် ကိုယ့်အားကိုယ်ကိုးပါ။
ကိုယ့်အားကိုယ်ကိုးနိုင်လေလေ၊ ကိုယ့်မှာ လွတ်လပ်မှု ပိုရှိလေလေပဲ
သူများကို အားကိုးနေရလေလေ၊ ကိုယ့်လွတ်လပ်မှု ဆုံးရှုံးရလေလေပဲ။

***မှတ်ချက် ။ ။ စာအုပ်တစ်အုပ်လုံးဟာ အခုလောက်
မှတ်စုနဲ့တောင် မလုံလောက်သေးဖူး။
လေးလေးနက်နက် သိဖို့ တွေးဖို့၊ လိုက်နာဖို့ နဲ့ ကျင့်ကြံဖို့
အချက်အလက်များစွာ ပါဝင်တာကြောင့် ကိုယ်နဲ့လက်တစ်ကမ်း
အကွာမှာ ထားရမယ့် စာအုပ်ကောင်း တစ်အုပ်ပါပဲ။
Credit: #စိတ်နှလုံးရွှင်လန်းစေဖို့ #ဆရာတော်ဦးဇောတိက

Comments

Popular Posts

"ကျွန်းကြီးလေးကျွန်း"

"မြင်းမိုရ်"

သေခြင်းကောင်းသော ဘ၀၊ လားရာကောင်းသော ဂတိ

"သီတဂူဆရာတော် ဘုန်းကြီးတယ်"ဆိုတာ