" လူလေးစားအောင် ဘယ်လိုနေမလဲ? "
လူလေးစားအောင် ဘယ်လိုနေမလဲ?
====================
လူတိုင်းနီးပါးဟာ ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှု၊ လေးစားမှု၊ အရေးပေးမှုကို လိုချင်ကြပါတယ်။
ဒါဆို လူတွေ ကိုယ့်ကို လေးစားအသိအမှတ်ပြုအောင် ဘယ်လိုနေရမလဲ?
.
ကားအကောင်းစားစီးမှ လူလေးစားမှာလား? ဝတ်ကောင်းစားကောင်းတွေ ဝတ်မှ လူလေးစားမှာလား?
ပိုက်ဆံတွေ သုံးပြနေမှ လူလေးစားမှာလား?
.
အပေါ်ယံ ပကာသနတွေကနေတစ်ဆင့် လူလေးစားခံချင်တယ်ဆိုရင်တော့ အပေါ်ယံလေးစားမှုတွေပဲ ရလာပါလိမ့်မယ်။ ဒီတော့ တကယ့်ရင်ထဲက လေးစားမှုကို ဘယ်လိုရအောင် ယူရမလဲဆိုတာတော့..
.
► ကိုယ့်ကိုယ်ကို လေးစားပါ။
ဒါအရေးအကြီးဆုံးပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ လေးစားမှုရှိမှ သူများတွေရဲ့ ယုံကြည်မှု၊ လေးစားမှု ရနိုင်မှာပါ။
ဒီလို ယုံကြည်မှုတွေ၊ လေးစားမှုတွေနဲ့ ထိုက်တန်တဲ့ သူတစ်ယောက်ဖြစ်ဖို့လည်း လိုပါမယ်။ ကိုယ့်ကိုယ်ကို လေးစားတယ်ဆိုတာက
ဘဝင်မြင့်အောက်ခြေလွတ်တာမျိုးကို မဆိုလိုပါဘူး။
.
► ခံယူချက်ကောင်းကောင်းထားပါ။
ကိုယ်ဟာ ဘယ်လိုခံယူချက်ကို လက်ကိုင်ထားတယ်။ ကိုယ့်ရဲ့ ယုံကြည်မှုတွေဟာ ဘယ်လောက်ပြင်းထန်တယ်။
ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်။ ဒီအချက်တွေကို ပတ်ဝန်းကျင်က လက်ခံလာအောင်၊ သတိထားမိအောင် နေထိုင်တတ်ဖို့လိုပါမယ်။
.
►ရိုးသားပါ။
ရိုးသားတယ်ဆိုတာက ဖြူစင်မှုတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ မသမာတဲ့အရာမှန်သမျှကို ရှောင်ကြဉ်ရပါမယ်။
ကောက်ကျစ်တဲ့အတွေးတွေ၊ မလိုမုန်းထားတဲ့စိတ်တွေကို ဖယ်ထုတ်ထားရပါမယ်။
.
► တတ်နိုင်သမျှ ကူညီပါ။
ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီနိုင်သမျှ ကူညီသင့်ပါတယ်။ ကူညီတဲ့အခါမှာလည်း ရယူလိုမှုတွေမပါဘဲ ကူညီသင့်ပါတယ်။
လူတွေက ကိုယ့်ကိုပြန်ပြီး ကျေးဇူးမပြုရင်တောင်မှ စိတ်ထဲက အသိအမှတ်ပြုသွားတတ်ပါတယ်။
.
► ကတိစကားတည်ပါ။
အရေးအကြီးဆုံးပါပဲ။ ဆိုခဲစေ၊ မြဲစေဆိုတဲ့ ဝါဒကို လက်ကိုင်ထားရပါမယ်။ အပြောချိုပြီး အလုပ်မဖြစ်တဲ့သူတွေကို ဘယ်သူမှမလေးစားကြပါဘူး။
.
► မှားခဲ့ရင် အမှန်ပြင်ပါ။
လူဆိုတာ အမှားနဲ့ မကင်းဘူး။ မှားတတ်တယ်။ ကိုယ်မှားသွားရင်လည်း ဝန်ခံပြီး အမှန်ကိုပြင်ပါ။ မှားသွားလို့ ဝန်ခံရတာ ရှက်စရာမဟုတ်ပါဘူး။
မှားမှန်းသိရက်နဲ့ ဆက်မှားနေတာကမှ လူရယ်စရာကောင်းတာပါ။
.
► အားထုတ်ကြိုးစားပါ။
ဒီတစ်ချက်ကတော့ အရေးအကြီးဆုံးပါပဲ။ ကိုယ်လုပ်တဲ့အလုပ်ဟာ အရည်အသွေးပြည့်ဝနေရင် လူလေးစားခံရပါတယ်။ အသိအမှတ်ပြုကြပါတယ်။
ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ ကြိုးကြိုးစားစားလုပ်တတ်တာကတော့ အသေချာဆုံး လူလေးစားခံရမယ့်နည်းပါပဲ။
____________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Focus Youth)

intresting
ReplyDeleteintresting
ReplyDelete